Wednesday, 24 November 2010
ကံဆိုးလိုက်တာ။
စိတ်ညစ်လိုက်တာ။
Sunday, 24 October 2010
သီတင်းကျွတ်လပြည့်
ပထမအစမ်းစာမေးပွဲပြီး ကျောင်း(၁၀)ရက်လောက်ပိတ်ထားချိန်ဖြစ်လို့ ခဏတာလွပ်လပ်မှုရတဲ့ အချိန်လေးဆိုလဲမမှားပါဘူး။ မီးထွန်းပွဲတော်ကြီးလဲနီးလာပြီလေ။ သီတင်းကျွတ်လဆန်း၁၁၊၁၂ရက်နေ့မှာ ရွာမှာဘုရားပွဲတစ်ခုရှိတယ်။ အဲဒီ ဘုရားပွဲမှာ နှစ်တိုင်းနီးပါး အရပ်ဇာတ်ထည့်လေ့ရှိတယ်။ မင်းသမီးနှစ်လက်ငှားပြီး ရွာသားတွေနဲ့ ပြဇာတ်ကကြတာပေါ့။ အားလုံးလိုလို ကချင်ကြသူတွေဆိုတော့ ပြဇာတ်အများကြီးတင်ဆက်ကြပြီး မိုးအလင်းကကြလေ့ရှိတယ်။ ရုပ်ချောသူတွေက ဇာတ်လိုက်မင်းသားလုပ်၊ ဇာတ်အရံတွေနဲ့ ပြဇာတ်မကခင် စတိတ်ရှိုးဆိုမယ့်သူတွေနဲ့ ရွာလုံးကျွတ် လူပျိုကာလသားတွေ ပါဝင်ဆင်နွှဲလေ့ရှိတယ်။ မိန်းကလေးတွေကလည်း စတိတ်ရှိုးဆိုတဲ့သူနဲ့ ယိမ်းအဖွဲ့ကတဲ့သူနဲ့ တစ်ရွာလုံး ပျော်ရွှင်စွာဆင်နွှဲကြတယ်။
ဘုရားပွဲမတိုင်ခင်ကတည်းက အိမ်မှာစောင်တွေကို ကန့်လန့်ကာကြီးတွေလုပ်ပြီး ဇာတ်တိုက်ကြလေ့ရှိတယ်။ ကျမတို့ငယ်ငယ် ကလေးဘဝက တအိမ်ပြီးတအိမ် ဇာတ်တိုက်တာကို လိုက်ကြည့်လေ့ရှိတယ်။ ယိမ်းတိုက်တဲ့အိမ်မှာတော့ လသာမီးအိုးကြီး ထွန်းထားပြီး တိုက်လေ့ရှိကြတယ်။ စတိတ်ရှိုးဆိုမဲ့သူတွေကတော့ အိမ်မှာပဲ ကက်ဆက်တစ်လုံးနဲ့ အဆိုကျင့်နေကြတာပေါ့။ ဘုရားပွဲအဝင်နေ့မှာတော့ ငှားထားတဲ့ မင်းသမီးတွေ တီးဝိုင်းတွေ ရောက်လာပြီဆိုတော့ တီးဝိုင်းနဲ့တစ်ခါ ကျင့်ကြပြန်တယ်။ ဆိုကြ၊ ကကြ၊ ဇာတ်လမ်းတွေတင်ဆက်ကြနဲ့ တောရွာဓလေ့ ပျော်ရွှင်ပွဲလေးတစ်ခုပေါ့၊
ဘုရားပွဲနေ့မှာတော့ ရွာနီးချုပ်စပ်က သံဃာတွေပါ ပင့်ဖိတ်ထားပြီး ဆွမ်းလုံးလုပ်ကြပါတယ်။ ဆွမ်းလုံးဆိုတာကတော့ အုန်းငှက်ပျောပွဲမှာ ဆေးရွက်ကြီးကို ဝါးခြမ်းပြားနှစ်ခုကြားမှာညှပ်၊ အုန်းသီးပေါ်မှာထိုးစိုက်ပြီး ကိုယ်တတ်နိုင်သလောက် ငွေပဒေသာပင်စိုက်ထူကြတယ်။ ပြီးတော့ ဆွမ်း၊ ဟင်းမျိုးစုံ၊ မုန့်မျိုးစုံ၊ ကိုယ့်ယာခင်းထွက် အသီးအနှံတွေ၊ ဆပ်ပြာ၊ သွားတိုက်ဆေး စသည်ဖြင့် တတ်နိုင်သလောက် လှူကြတယ်။ ဆွမ်းလုံးသီးသန့်မထွက်နိုင်သူတွေကတော့ သူများရဲ့ဆွမ်းလုံးမှာ တတ်နိုင်သလောက် ထည့်ဝင်လှုဒါန်းကြတယ်။ ဘုရားပွဲလာဧည့်ပရိတ်သတ်တွေကို လက်ဖက်၊ ဆေးလိပ်၊ ချိုချဉ် စသည်ဖြင့် အကမ်းကမ်းကြသူတွေလည်းအများကြီးပဲ။ ဆွမ်းလုံးပိုင်ရှင်တွေက နာမည်စာရင်းပေးထားရပြီး မဲကျတဲ့ ဘုန်းကြီးကိုပင့်ဖိတ်ပြီး သီလယူဆွမ်းကပ်လှူရတယ်။
ဘုရားပွဲပြီးသွားပြန်တော့ သီတင်းကျွတ်လပြည့် ဆီမီးထွန်းညှိပူဇော်ဖို့ ပြင်ဆင်ကြပြန်ရော။ မီးပုံးရောင်စုံလေးတွေဝယ်၊ ဖယောင်းတိုင်လေးတွေရေစိမ်ထား၊ ဆီမီးခွက်လေးတွေဝယ်၊ ဂွမ်းလေးတွေ ဆီစိမ်ဖို့ပြင်ဆင်ထားနဲ့။ ပြီးတော့ အုန်းငှက်ပျော၊ စားဖွယ်စုံလင်စွာနဲ့ အသက်ကြီးသူ ဆွေမျိုးတွေကို လိုက်ကန်တော့ကြတယ်။ လပြည့်နေ့မှာတော့ မြတ်စွာဘုရားကို ပူဇော်ဖို့ ဆီမီးရောင်စုံနဲ့ ရွာထဲကို စီတန်းလှည့်လည်ပြီး ဘုန်းကြီးကျောင်းကို သွားကြတယ်။ ပြီးရင်တော့ ကိုယ့်အိမ်ကနေကို ဆီမီးထွန်းညှိပူဇော်ကြပြန်တယ်။ ဦးစွာဘုရားစဉ်မှာ ပြီးတော့ မြေစောင့်နတ်၊ ကျောက်ပျဉ်စောင့်နတ်၊ မီးဖိုစောင့်နတ်၊ အိမ်ခန်းထဲမှာ၊ ရေချိုးတဲ့နေရာ၊ သစ်ပင်တွေရဲ့ခြေရင်းမှာ၊ တံခါးမှာ၊ မီးပုံးလေးတွေလည်းစီရရီ ချိတ်ဆွဲထားသေးတယ်။ ကောင်းကင်ကလမင်းကြီးနဲ့အပြိုင် ဆီမီးရောင်စုံနဲ့ အရမ်းကိုလှပ ကြည်နူးချမ်းမြေ့ရတဲ့ ညချမ်းလေးပါပဲ။
Tuesday, 5 October 2010
တို့ယာတော
ငယ်စဉ်ကလေးဘ၀ကပေါ့။ ရွာနဲ့ အတန်ငယ်ဝေးတဲ့ တခြားရွာမှာ ကျောင်းသွားတက်ရတာ။ ရွာထဲကထွက်တာနဲ့  ယာခင်းတွေကိုစတွေ့ ရပြီ။ ဆေးခင်း। ပြောင်းခင်း। ကြက်သွန်ခင်း। ၀ါခင်း। ထန်းတောတွေကိုဖြတ်သန်းပြီးသွားရတယ်။ ကျောင်းရဲ့ ပတ်ပတ်လည်မှာလဲယာခင်းတွေကိုပဲမြင်နေရတယ်။ စာသင်ရတာသိပ်ကိုအေးချမ်းတိတ်ဆိတ်ပြီး စိတ်ဝင်စားမှုအပြည့်ရရှိစေခဲ့တယ်။ တနေ့ တော့ဆရာက တို့ ယာတော ဆိုတဲ့ခေါင်းစဉ်နဲ့  စာစီစာကုံးရေးခိုင်းတယ်လေ။ ယာခင်းတွေဟာနေ့ စဉ်မြင်တွေ့ ရင်းနှီးနေတော့ ပျော်ရွှင်စွာနဲ့  တို့ ယာတောကိုစာစီကုံးနိုင်ခဲ့တယ်။ အဲဒီအချိန်မှာပြေးမြင်မိတာက ကျွန်မတို့ အိမ်ကဆေးပျိုးခင်းလေးကိုပါ။ ဆေးပင်ပေါက်လေး(ဆေးပျိုး)ပျိုးဖို့ အတွက် ယာကွက်တကွက်ထားရပါတယ်။ ဘောင်လေးတွေဖွဲ့ ပြီး ဆေးပျိုးပျိုးခဲ့ရပါတယ်။ အဲဒီပျိုးခင်းထဲမှာ ဟင်းသီးဟင်းရွက်အစုံအလင်ကိုလဲ ထည့်ပျိုးခဲ့ပါတယ်။ ယာခင်းရဲ့ ဘေးပတ်လည်မှာ ပြောင်းဖူးပင်တွေစီတန်းစိုက်ထားပြီး ဗူး। ဖရုံ। ကြက်ဟင်းခါးပင်တွေလဲ စိုက်ထားခဲ့တယ်။ ပျိုးခင်းရဲ့ အလယ်မှာတော့ ခရမ်း। ခရမ်းချဉ်। ချဉ်ပေါင်। ပဲမျိုးစုံ। ငရုတ်। နံနံပင်တို့ ကို ထည့်စိုက်ထားခဲ့တယ်။ ဆေးပျိုးလေးတွေနဲ့ အတူ အသီးအနှံစုံကို ရေလောင်းပေါင်းသင်နဲ့  ပြုစုပျိုးထောင်ခဲ့တယ်။ တဖြည်းဖြည်းနဲ့ အပင်လေးတွေကြီးထွားရှင်သန်လို့  သီးပွင့်ဝေဆာလာခဲ့တယ်။ အသီးအနှံတွေဟာမိသားစုအတွက်ဖူလုံရုံမက ပိုလျှံလို့ ဆွေမျိုးတွေကိုဝေငှပေးရင်း ရောင်းလို့ လဲမကုန်ရှိခဲ့တယ်လေ။ လတ်လတ်ဆတ်ဆတ်အသီးအနှံတွေကို အပင်ကနေချက်ချင်းခူးဆွတ်ပြီး ချက်ပြုတ်စားခဲ့ရလို့  ချိုမြိန်လတ်ဆတ်တဲ့အရသာကို ခံစားခဲ့ရတယ်။ ပိုလျှံတာကိုအခြောက်လှန်းလို့  နွေရာသီမှာ စားသုံးလို့ မကုန်ဖြစ်ခဲ့တယ်။ ရွှေဖယုံ। ကျောက်ဖရုံသီးတွေလဲခူးဆွတ်ထားပြီး နွေရာသီမှာ ယိုလုပ်ပြီးစားရတဲ့ အရသာကိုလဲမေ့မရခဲ့ပါဘူး။ ညဘက်တွေမှာ ပြောင်းဖူးနုနုချိုချိုလေးတွေ ပြုတ်စားခဲ့ရတာလဲ စည်းစိမ်တမျိုးပါပဲ။ ရွှေချဉ်ပေါင်စားလို့ ဝရင်ဖြင့် ချဉ်ပေါင်ဖူးလေးတွေခွာပြီး မြေပဲလှော်ထောင်းနဲ့ သုပ်စား ခရမ်းသီးနုနု သေးသေးလေးတွေခူးပြီး ခရမ်းချဉ်သီးငပိချက်နဲ့ တို့ စား ဗူးညွန့် ဖရုံညွန့် လေးတွေခူးဆိတ်ပြီး ဟင်းချိုပူပူလေးမှာ အရွက်ခပ်ပြီး သောက်ကြ। တမျိုးရိုးရင်ဖြင့် ခရမ်းချဉ်သီးပန်ထွေဖျော်မှာ နံနံပင်လေးအုပ်। ပဲပုဇွန်သီးလေးတွေ ဟင်းချိုချက်မလား। သုပ်စားမလား। ပဲစောင်းခါးသီးတွေ ခူးလို့ ကုန်ရင်ဖြင့် ပဲမြစ်တူးဖို့ ဟန်ရေးတပြင်ပြင်ရှိလှပြီပေါ့။ အဲ ငရုပ်သီးတောင့်လေးတွေ ခူးပြီး မီးဖုတ်ပြီး ကြက်သွန်ဖြူ। နီနဲ့ ထောင်းစားခဲ့ရတာလဲ တမ်းတမိပါရဲ့ ။ အခုချိန်မှာတော့ အသီးအရွက်စုံလင်စွာမရနိုင်တဲ့ မြို့ လေးမှာခေတ္တနေထိုင်ရင်း ငယ်စဉ်ကလေးဘ၀က စားခဲ့ရတဲ့ တို့ ယာတောထွက် အသီးအနှံတွေကိုသတိရမိပါရဲ့ ။
ကျမတို့ရွာကသင်္ကြန်ပွဲတော်
တမာပင်တို့အရိုးပြိုင်းပြိုင်းမှာ အရွက်နုလေးတွေထွက် စိမ်းနုနုအရောင်အသွေးကနေ စိမ်းရင့်ရင့်ကိုပြောင်း အစိမ်းရင့်ရင့်အရွက်တို့ကြားကနေ ပြူထွက်လာတဲ့ အဖြူရောင်အဖူးလေးတွေက သင်းပျံ့ပျံ့ရနံ့လေးတွေ ထုတ်လွှင့်လို့ ဝေဝေဆာဆာပွင့်ဖူးလာပြီဆိုရင်တော့ သင်္ကြန်နားနီးပြီဆိုတာ ပြောပြနေသလို သင်္ကြန်အငွေ့အသက်တွေရလို့ တနှစ်တာစောင့်မျှော်ခဲ့ရတဲ့ အချိန်ဆိုက်ရောက်လို့လာခဲ့ပြီလေ။
လေလှိုင်းတွေကြားကနေ သင်္ကြန်တေးသွားလေးတွေ ပျံ့လွင့်လို့လာခဲ့သလို မိုးပြေးလေးရွာလို့ မြေသင်းနံ့သင်းသင်းလေးကိုလဲရှုရှိုက်နေရပြီ။ လုံမပျိုဖြူတို့လည်း သင်္ကြန်တွင်း တစ်ရွာလုံးကို မုန့်လုံးရေပေါ်ကျွေးဖို့ တအိမ်တက်ဆင်း အလှူငွေကောက်ခံနေပြီ။ ကလေးတွေကလည်း မြို့သွားတဲ့သူတွေကို ရေပြွတ်၊ ရေချိုင့်လေးတွေမှာပေးဖို့ အမေတွေကို ပူဆာလို့။ သင်္ကြန်တွင်း ခေါင်းလျှော်ရည်ကုသိုလ်ယူဖို့ တချို့အိမ်တွေကလည်း တရော်၊ ကင်ပွန်းတွေပြုတ်ဖို့ပြင်ဆင်နေကြပြီ။ ကလေးမကအပျိုမကျ ကျမတို့တတွေကလည်း ဘယ်အိမ်မှာ ဘာပန်းတွေပွင့်နေလဲဆိုတာ လိုက်ကြည့်ထားကြပြီ။ ဘုရားမှာပန်းလှူဖို့အတွက် မြေညောင်ရေအိုးလေးတွေလည်း ဝယ်ထားကြပြီ။
သင်္ကြန်အကြိုနေ့ညနေကစပြီး ရေလောင်းကြပြီ။ သင်္ကြန်အကျနေ့ မနက်စောစောမှာတော့ ရွာလယ်မှာစုရုံးလို့ မုန့်လုံးရေပေါ်လုံးပြီး ကုသိုလ်ပြုကြပြီ။ တမာပန်း၊ စက္ကူပန်း၊ အကြော်ပန်း၊ အုန်းရွက်၊ သြဇာရွက်၊ ထားဝယ်မှိုင်းပန်း၊ စံပယ်ပန်း စသည်ဖြင့် ပန်းပေါင်းစုံကို ခူးဆွတ်လို့ ညောင်ရေအိုးလေးတွေထဲမှာ ထည့်ပြီးပြင်ဆင်၊ ဆွမ်းတော်ပွဲ၊ အလှူဝထ္ထုပစ္စည်းတွေပြင်ဆင်ပြီးရင်တော့ ရွာဦးဘုန်းတော်ကြီးကျောင်းကို သွားကြပြီ။ ဘုရားမှာ ဆွမ်း၊ပန်း၊ရေချမ်းကပ်ပြီးရင် အလှူ့ရှင်တစ်ဦးဦးကကျွေးတဲ့ စတုဒိသာစားပြီး ဘုန်းကြီးဆီမှာ သီလယူ။ ဘုန်းကြီးကအမျှဝေပြီးတာနဲ့ ဥပုတ်စောင့်မယ့်အဖိုး၊ အဖွားတွေက ကျောင်းမှာနေခဲ့ပြီး ကျန်တဲ့သူတွေကတော့ အိမ်ပြန်ကြတယ်။ ရွာကာလသား၊ ကလေးပါမကျန် ဘုန်းကြီးကျောင်းအပေါက်ဝကနေစောင့်ပြီး ရေလောင်းကြပါတယ်။
ကလေးတွေက ရွာထဲလည်ပြီး ရေလိုက်လောင်းကြ၊ မုန့်လုံးရေပေါ်ကျွေးတဲ့နေရာမှာ ဘုရားကအပြန်ဝင်စားသူတွေနဲ့၊ ရေလောင်းတဲ့သူတွေနဲ့ စည်ကားလို့နေပါတယ်။ သက်ကြီးရွယ်အိုရှိတဲ့အိမ်တွေကို အဖွဲ့လိုက် ရေတွေလိုက်လှူကြ၊ ခေါင်းလျှော်ရည်အလှူလုပ်တဲ့အိမ်ကို သွားပြီး ခေါင်းလျှော်ကြ၊ တီဗွီရှိတဲ့အိမ်ကိုသွားပြီး သင်္ကြန်ယိမ်းတွေသွားကြည့်ကြသူတွေနဲံ့ ရွာကလေးက သင်္ကြန်အငွေ့အသက်တွေလွှမ်းခြုံလို့။ အပျိုချောတွေကတော့ ဘုရားကပြန်လာပြီးတာနဲ့ ရေစိုထိမှာစိုးလို့ အိမ်တွင်းပုန်းနေကြတယ်။ ဒါပေမယ့် ရွာကာလသားတွေက မရပါဘူး။ အပျိုချောတွေရှိတဲ့အိမ်တွေ လိုက်ပြီးရေလောင်းကြတယ်။ အပျိုချောတွေခမျာလည်း ရေလောင်းမခံမချင်း ပြန်ကြမှာ မဟုတ်ဘူးဆိုတာသိနေတော့ အိမ်ရှေ့ထွက်ပြီး ရေလောင်းခံရတာပါပဲ။ အကြတ်နေ့၊ အတက်နေ့တွေမှာတော့ ရွာနီးနားက ဘုန်းကြီးကျောင်းတွေကိုသွားကြပါတယ်။
နှစ်ဆန်းတစ်ရက်နေ့မှာတော့ ရွာ ဘုန်းကြီးကျောင်းမှာပဲ သီလယူကြပါတယ်။ ညနေမှာတစ်ရွာလုံး အန္တရာယ်ကင်း ပရိတ်ရွတ်ဖို့အတွက် ပရိတ်အိုးလေးတွေပြင်ဆင်ကြပြီ။ မြေဇာ၊ အုန်း၊ သြဇာ၊ တမာရွက်တွေထိုး၊ မြစ်ကမ်းဘေးသဲသောင်ပြင်ကနေ ယူလာတဲ့ သဲဖြူဖြူလေးတွေကို ဖလားထဲမှာထည့် အပ်ချည်လုံးဖြူဖြူလေးကိုလဲထည့်ပြီး ရွာအဝင် တံခါးဝမှာ အန္တရာယ်ကင်း ပရိတ်ရွတ်ကြပါတယ်။ အဲဒီနောက် အန္တရာယ်ကင်းအောင် အိမ်ပတ်ပတ်လည်မှာ သဲဖြူတွေလိုက်ခင်း၊ ပရိတ်ပန်းတွေကို အိမ်နံရံတွေ်မှာလိုက်ထိုး၊ အပ်ချည်နဲ့လိုက်ပတ်ပြီး တစ်အိမ်လုံးလည်း ဘေးဘယာကင်းကွာလို့ ကြက်သရေတိုးပြီး စည်းပွားဥစ္စာတိုးတက်တော့မယ်လို့ယုံကြည်စွာနဲ့ ကြည်နူးပီတိတွေ ဖြာဝေကြပြီလေ။
Friday, 1 October 2010
တွေးမိတိုင်းစိတ်မကောင်းဖြစ်မိတာလေးတွေ
အလယ်တန်းကျောင်းသူဘဝက ရွာနဲ့အတန်ငယ်ဝေးတဲ့ရွာမှာ ကျောင်းသွားတက်ရပါတယ်။ တစ်နေကုန်တက်ရတာမို့ ထမင်းဗူးလေးတွေယူသွားရပါတယ်။ အမေကထမင်းဗူးကို အမြဲတန်းပြင်ဆင်ပေးလေ့ရှိပါတယ်။ အဲဒီအချိန်က ကျမတို့စားတဲ့ဆန်က စပါးလုံးအများကြီးပါတဲ့ ဆန်ဖြစ်လို့ ဆန်ရွေးတဲ့အခါ စကောနဲ့ဝိုင်းပြီး အပေါ်ယံ စပါးလုံးလေးတွေကို စုသိမ်းပြီး အိုးတစ်လုံးထဲမှာ သပ်သပ်ထည့်ထားပါတယ်။ ဆန်ထည့်တဲ့အိုးကသပ်သပ် တစ်လုံးစီထားပါတယ်။ တစ်နေ့တော့ အဘက စောစောထပြီး ထမင်းချက်ပါတယ်။ ကျမ ထမင်းဗူးထည့်ဖို့ ထမင်းအိုးကိုဖွင့်လိုက်တော့ အရမ်းစိတ်တိုသွားပါတယ်။ ထမင်းအိုးကစပါးလုံးတွေအဖွေးသားနဲ့မလို့လေ။ ကျမလည်းပွစိပွစိ ပါးစပ်ကပြောရင်း စပါးလုံးတွေကို ရွေးနေရပါတယ်။ အဘကလည်း ဘေးကနေ ငါ့မြေးရယ် အဘလည်း မနက်စောစောဆိုတော့ ဆန်အိုးနဲ့ စပါးလုံးအိုး မှားချက်မိတယ်လို့ စိတ်မကောင်းတဲ့လေသံနဲ့ ပြောပါတယ်။ ကျမအဘက အရမ်းကိုစိတ်ရှည်သီးခံတဲ့ စိတ်ရှိပြီး မြေးတွေအလိုကျလည်း လိုက်လုပ်ပေးလေ့ရှိပါတယ်။ အဘအပေါ်စိတ်ဆိုးစိတ်ကောက်ပြီးမှ ကျမလည်း နောင်တတွေရလာပါတယ်။ အဘက စေတနာနဲ့ ချက်ပေးတာကို ကျမကဆိုးခဲ့မိတဲ့အတွက် တွေးမိတိုင်း ဝမ်းနည်းပြီး စိတ်မကောင်းဖြစ်မိရပါတယ်။
မူလတန်းကျေင်းသူဘဝက နှစ်စဉ်နှစ်တိုင်း အမျိုးသားနေ့မှာ ပုံပြော၊ ကဗျာရွတ်ဆိုပြိုင်ပွဲတွေ ကျင်းပလေ့ရှိပါတယ်။ ၄တန်းနှစ်မှာ ၁၂ရွာအုပ်စုမှာ ပထမရလို့ မြို့ကိုတက်ပြိုင်ဖို့အတွက် ကျောင်းမှာ ဝတ်စုံပြည့် အစမ်းလေ့ကျင့်ပွဲပြုလုပ်ပါတယ်။ ရွာထဲကလူတွေလည်း လာကြည့်ကြပါတယ်။ ကျမရဲ့အဖွားလည်းလာကြည့်ပါတယ်။ ကျမက ပုံပြောသူဆိုတော့ အကျီင်္လက်ရှည် ချိတ်လုံချည်နဲ့ ပုဝါခြုံထားပါတယ်။ ကျမရဲ့ပုဝါကလိမ်နေတာကိုမြင်တဲ့အဖွားကလာပြင်ပေးပါတယ်။ လူအများကြီးရှေ့မှာ ကျမက အပြင်မခံခဲ့ပါဘူး။ ကျမစိတ်ထဲကတော့ သူများတွေက ကျမအဖွားကို ပိုကိုပိုလိုက်တာလို့ပြောကြမှာစိုးလို့ပါ။ ဒါပေမယ့်အဖွားကတော့ ကျမကို စိတ်ဆိုးသွားပြီး အိမ်ပြန်ရောက်တော့ မြို့ကိုသွားပြိုင်တဲ့အချိန်ကျရင် ကျမကိုတစ်ယောက်ထဲသွား လိုက်မပေးဘူးဆိုပြီး ဆူပါတယ်။ သူ့ရဲ့စေတနာကို ကျမက အသိအမှတ်မပြုဘူးလို့ ထင်လို့နေမှာပါ။ ကျမစိတ်ထဲမှာတော့ အဲလိုမရှိတဲ့အတွက် ဝမ်းနည်း ပြီး စိတ်မကောင်းဖြစ်မိရပါတယ်။
ကျမရဲ့အဒေါ်တစ်ယောက် အရမ်းကို အားငယ်နေတဲ့ အချိန်မှာ ကျမကလည်း အဒေါ်အတွက် ကျမမတတ်နိုင်တဲ့အရာဖြစ်တဲ့အတွက် အားပေးစကားမပြောမိခဲ့ပါဘူး။ တကယ်တော့ အဲဒီအချိန်ကတကယ်လုပ်ပေးစရာလည်း မလိုပဲနဲ့ ဘာပဲဖြစ်ဖြစ် အားပေးစကားလေးတော့ ပြောခဲ့မိဖို့ကောင်းတာကို တွေးမိတိုင်း ဝမ်းနည်း ပြီး စိတ်မကောင်းဖြစ်မိရပါတယ်။
ကျမတို့ရွာကို ငါ့သရောက်ဘက်ကနေ အိုးသည်တွေ၊ အုန်းဆီ၊ ဆနွင်းမှုန့်ရောင်းတဲ့အသည်တွေ၊ ပဲသီးသည်တွေ လာရောင်းလေ့ရှိပါတယ်။ ပဲသီးလာရောင်းတဲ့ အဖွားကြီးက အသက်၆၀လောက်ရှိပါပြီ။ ပဲသီးတောင်းနှစ်တောင်းကို ထမ်းပိုးနဲ့ထမ်းပြီး ရွာထဲကိုလည်ရောင်းတာပါ။ မောဟိုက်ပင်ပန်းနေတဲ့ပုံပါ။ ပဲသီးဝယ်ပြီးလို့ ကျမတို့အိမ်ကနေ ထွက်သွားတဲ့အချိန်မှာပဲ ကြည်လင်နေတဲ့ကောင်းကင်ကနေ ရုတ်တရက်မိုးတွေ ရွာချပါတယ်။ အဖွားကြီးတော့မိုးတွေမိနေတော့မှာပဲလို့တွေးပြီးသနားနေမိပါတယ်။
ကျမပဉ္စမတန်းနှစ်မှာ ညီမဝမ်းကွဲကိုးတန်းကျောင်းသူက ကျမတို့နဲ့အတူလာနေပါတယ်။ ကျမညီမအငယ်ဆုံးလေးက မူကြိုတက်နေတာပါ။ ကျမနဲ့ အမဝမ်းကွဲနဲ့အပြင်သွားတိုင်း မမ ညီမလေးလဲလိုက်မယ် ဆိုပြီး ကျမညီမလေးက ကျမတို့နောက်ကိုအပြေးလိုက်လာလေ့ရှိပါတယ်။ အဲဒီအခါတိုင်း ကျမက အမြဲတမ်းဆူငေါက်ပြီး မလိုက်ခဲ့ဖို့ပြောတဲ့အခါတိုင်း ငိုပြီး ကျန်နေခဲ့ရတာပါ။ ညီမလေးအပေါ် သနားကြင်နာစိတ်မရှိခဲ့တဲ့ ကိုယ့်ကိုကိုယ် တွေးမိတိုင်း ဝမ်းနည်း ပြီး စိတ်မကောင်းဖြစ်မိရပါတယ်။
တွေးမိတိုင်း ဝမ်းနည်း ပြီး စိတ်မကောင်းဖြစ်မိရတာလေးတွေ အများကြီးရှိပါတယ်။ တိုက်ဆိုင်လို့ဖြစ်ဖြစ်၊ သတိရမိတိုင်းဖြစ်ဖြစ် ရေးမိအုံးမှာပါ။
Wednesday, 29 September 2010
ခံစားမိတာလေး
လောဘ၊ ဒေါသ၊ မာန်မာနတွေ ငြိမ်းအေးကြပါစေ။
စကားတစ်ခွန်း လက်လွတ်စပယ် ပြောထွက်သောသူများ ကိုယ့်အလှည့်ကျရင် ခံနိုင်ရည်ရှိကြပါစေ။
Wednesday, 8 September 2010
ပခုက္ကူမြို့မှ ရှေးဟောင်း သမိုင်းဝင် သီဟိုဠ်ရှင် ဘုရားပွဲတော်
(သီဟိုဠ်ရှင် ဘုရားပွဲတော်အကြောင်းအမှတ်တရ ရေးဖို့စိတ်ကူးထားပေမယ့် Perfect magazine ထဲမှာ စာရေးသူ “ဝိုင်း” ရေးထားတဲ့ အကြောင်းအရာလေးကိုပဲ ဖော်ပြပေးလိုက်ပါတယ်။)
ဧရာ အနောက် မြို့တော် ပခုက္ကူမြို့မှ ပုဂံပြည့်ရှင် အလောင်းစည်သူ မင်းကြီး သက္ကရာဇ် ၄၇၉ တွင် တည်ထား ကိုးကွယ် ခဲ့သည့် ရှေးဟောင်း သမိုင်းဝင် သီဟိုဠ်ရှင် မြတ်စွာ ဘုရားကြီး၏ ၈၉၃ ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်ကို နယုန်လဆန်း ၈ ရက်မှ လပြည့်ကျော် ၁၀ ရက်နေ့ အထိ ၁၈ ရက်တိုင်တိုင် ပျော်ပွဲ၊ ရွှင်ပွဲ၊ ဈေးပွဲ၊ ဇာတ်ပွဲ၊ တေးသရုပ်ဖော်၊ ဘားဆပ်ကပ် စသည်တို့ဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့သည်။ အညာဒေသ ၏ အထင်ကရ ပွဲတော် ကြီးကို ရပ်ဝေးမှ ဈေးသည်များ ပွဲတော်ရက်မတိုင်မီ ကြိုတင် ရောက်ရှိ နေသောကြောင့် ဈေးပွဲရက်က တစ်လခန့်အထိ နှစ်စဉ် ကြာမြင့်သည်။ ယခုနှစ် ပွဲတော်ရက်မှာ ဆိုင်ခန်းပေါင်း ၁၆၀၁ ဆိုင် ခင်းကျင်း ရောင်းချခဲ့ပြီး ပွဲဈေးတန်းတွင်လည်း အထည်တန်း၊ စားသောက်တန်း၊ သင်ဖြူးဖျာတန်း၊ စဥ့်အိုးတန်း၊ မီးဖိုချောင်သုံး ပစ္စည်း တန်း၊ တောင်သူသုံး ပစ္စည်းမျိုးစုံ တန်း စသည်ဖြင့် အမျိုးတူ အလိုက် နေရာ ချထား ပေးသည်ကို တွေ့ရသည်။ မန္တလေးမှ နာမည်ကျော် ပါတိတ် အရောင်းဆိုင်များ၊ ပိုစတာ၊ ရေဒီယို၊ ကက်ဆက်၊ စီဒီခွေအရောင်းဆိုင် များ၊ ပန်းခက်၊ ပန်းပွင့်၊ ပန်းစည်းစုံလင်လှသော ပန်းအလှ အရောင်းဆိုင် များ၊ စတီးခွက်၊ ပလတ်စတစ်ခွက် စသည့် အရောင်းဆိုင်များကို ရှည်လျားသော ပွဲတန်း ကျေးလက် Super Market မှာ စည်ကားစွာ တွေ့ရသည်။
ဒေသခံဈေးဆိုင်များက လွဲ၍ ရပ်ဝေးမှ ဈေးဆိုင် အများစုက ပဲခူး ရွှေမော်ဓော ဘုရားပွဲတော်နှင့် မြိုင်နယ် နတ်ပွဲများက ကူးလာကြောင်းသိရ ပြီး သီဟိုဠ်ရှင် ဘုရားပွဲတော် ရက်ပြီးလျှင် ရေစကြို၊ မြင်းခြံ၊ ကျောက်ဆည် နတ်ပွဲများသို့ကူးပြီး ထိုမှတစ်ဆင့် မန္တလေး၊ တောင်ပြုံး၊ ရတနာ့ဂူနတ်ပွဲ များသို့ ကူးကြမည်ဟု သိရသည်။ `သီဟိုဠ်ရှင်ဘုရားပွဲတော်ကို ပုဂံ ငါ့သရောက်နယ်၊ မြိုင်နယ်၊ ပေါက်နယ်၊ ကံမ၊ ထီးလင်း၊ ဂန့်ဂေါ၊ ရေစကြို၊ မအူ စသည့် ဒေသများမှ ဘုရားဖူးလာရင်း တစ်နှစ်စာလိုအပ် သည့် မီးဖိုချောင်သုံးပစ္စည်းများ၊ လယ်ယာသုံးပစ္စည်းများ၊ အဝတ် အထည်၊ ပရဆေးမှအစ နှစ်စဉ်လာရောက်ဝယ်ယူကြတာမို့ အထူး စည်ကားလှပါသည်။ ဒီနှစ်အပူလှိုင်းဒဏ်ကြောင့် တောင်သူတွေ စီးပွား ရေးအနည်းငယ် ကျပ်တယ်ဆိုပေမဲ့ ပွဲတော်ရဲ့စည်ကားမှုကတော့ လျော့မသွားပါဘူး’ဟု ပွဲတော် ကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဦးဆင်ပေါက်က ပွဲတော်ရဲ့လက်ရှိစည်ကားမှုအနေအထားကို သုံးသပ်ပြပါသည်။ ပွဲတော် ရက်များတွင် သွားရေးလာရေး အဆင်ပြေရန်အတွက် အမှတ်(၁) ဈေးကြီးနှင့် ပွဲတော်သို့ သုံးဘီးဆိုင်ကယ်များ ပြေးဆွဲပေးနေကြောင်း သိရသည်။ ပခုက္ကူမြို့အနီး ကျေးရွာများမှလည်း အဝတ်အထည်၊ ပလတ်စတစ် အိမ်သုံး ပစ္စည်းများ၊ ဖိနပ်၊ စောင်အရောင်းဆိုင်များ ဖွင့်လှစ် ရောင်းချမှု များကြောင်း သိရသည်။ ဈေးဆိုင်အများစုတွင် ကြိုက်တာယူ ၅၀ဝ ကျပ်၊ ၁၅၀ဝ ကျပ်၊ ၂၅၀ဝ ကျပ် စသဖြင့် ဈေးနှုန်းများ၊ ချိတ်ဆွဲ ရောင်းချသည်ကို တွေ့ရသည်။ မန္တလေးမြို့မှ နာမည်ကျော် ပါတိတ် အရောင်းဆိုင် နှင့် ဗီဒီယိုရုပ်ရှင် မင်းသားတစ်ဦး၏ ရှူဆေးအရောင်းဆိုင်မှာ ဒေသခံများ တိုးဝှေ့ ဝယ်ယူနေကြသည်။ ပွဲတော်လာ ကျေးလက်မှလုံမငယ်တို့ရဲ့ ဝတ်စားမှု ဖက်ရှင် ကလည်း မြို့ပြဆန်လာသည်။ လွန်ခဲ့သော ရာစုနှစ် နှစ်စုကျော်က မြင်တွေ့ခဲ့ရသည့် သနပ်ခါးပါးကွက်၊ စရစ်ဝိုင်းနှင့် လုံမပျို လေးတွေကို ပွဲဈေးတန်းမှာ မတွေ့ရတော့။ ပွဲတော်အတွင်း စီဒီခွေ အရောင်းဆိုင်က ပြသနေသော အလှဖန်တီးရှင်များ၊ ဖက်ရှင်ရှိုးမှာ ပွဲတော်လာအမျိုးသမီးအများစု အနားယူရင်း ငေးမောကြည့်ရှုနေတာ တွေ့ရတော့ ကျေးလက်စရိုက်အသွင်ကို မှတ်တမ်းတင်ချင်သော ကျွန်တော့်အဖို့ ကင်မရာခလုတ်ကို နှိပ်ရမှာ ဝန်လေးနေမိသည်။
သီဟိုဠ်ရှင်ဘုရားသမိုင်း
သီဟိုဠ်ရှင်ဘုရား ရုပ်တုပုံတော်မှာ သိင်္ဃိုဠ်မင်းတို့ ပြုလုပ်ကိုးကွယ် ရိုးဖြစ်သော မတ်ရပ် ပုံတော်ဖြစ်သည်။ ဥာဏ်တော်အမြင့်မှာ သံတောင် သုံးတောင်နှစ်မိုက်၊ လက်ဝဲလက်တော်မှာ ပက်လက်လှန်ဖြစ်၍ လက်ယာ လက်တော်မှာ ထောင်၍ ကာပုံတော်ဖြစ်သည်။ ဆံတော်မှာ သီဟိုဠ် ဆံတော်ပုံတင်လျက် သင်္ကန်းတော်အစွန်းအမြိတ်တို့မှာ အချိတ်အကွေ့ များဖြင့် လက်ရာမြောက်စွာ ထုလုပ်ထားသည်။ ဘုရားရုပ်တုတော် ထုလုပ်ရာတွင် (၁) သိကြားမင်း အပ်နှံလာသော မဟာဗောဓိသစ်တော် (၂) စန္ဒကူးနှစ်သစ်တော် (၃) သရက္ခန်နှစ် သစ်တော် (၄) သပြေနှစ် သစ်တော် (၅) ထင်းရှူးနှစ်သစ်တော် (၆) ကသစ်နှစ်သစ်တော် (၇) ကုက္ကို နှစ်သစ်တော် (၈) သခွတ်နှစ် သစ်တော် (၉) ထိမ်နှစ် သစ်တော် (၁၀) နံ့သာမျိုးနှစ်သစ်တော် စသည့် သစ်တော် ၁၀ ပါးဖြင့် ထုလုပ်ထား ကြောင့် သိရသည်။သီဟိုဠ်ရှင် ဘုရားသမိုင်းနှင့်ပတ်သက်၍ လယ်တီဆရာတော် အရှင် ကောဝိဒ ရေးသားသော သီဟိုဠ်ရှင်ဘုရားသမိုင်းစာအုပ်တွင် သီဟိုဠ်ကျွန်း ရှင်ဘုရင်မင်းမြတ်သည် သစ်တော် ဆယ်ပါးဖြင့် ထုလုပ် သွန်းခုတ်ပြီးသော ဘုရားရုပ်တုတော်ကို လှေယာဉ်ထက်တွင် တင်ဆောင်ပင့်ယူပြီး မြောက်မြားစွာသော အခြံအရံ ဗိုလ်ထုနှင့် မလ္လာယုကျွန်း အနီး သမုဒ္ဒရာ ရေမျက်နှာတွင် စံနေတော်မူသော အလောင်း စည်သူ မင်းကြီးရှိရာသို့ ရေကြောင်းခရီးဖြင့် ကြွတော်မူလေ၏။ သိကြားမင်းလည်း သီဟိုဠ်ဘုရင် သွားလေသည်ကို သိတော်မူ၍ များစွာသော နတ်ပရိသတ်အပေါင်း ခြံရံလျက် အလောင်းစည်သူ မင်းကြီးထံသို့ သွားလေသည်။ ရောက်တော်မူကြလျှင် သီဟိုဠ်ဘုရင်သည် သိကြားမင်းနှင့်အတူ ဘုရားရုပ်တုတော်ကို နရပတိစည်သူမင်းကြီးအားဆက်သတော်မူလေ သည်။ အလောင်းစည်သူမင်းကြီးလည်း သိကြားမင်းကူညီ၍ သီဟိုဠ် ဘုရင်ဆက်သအပ်သော ဘုရားရုပ်တုန်တော်ကို ရတနာ ပလ္လင်တော်ဖြင့် ခံယူတော်မူပြီးလျှင် အလွန်လျှင် ဖြစ်နိုင်ခဲသော မြတ်နိုးခြင်းဖြင့် သုံးကြိမ် ဦးချတော်မူပြီးသော် ပူဇော်ဖွယ်အထူးထူးတို့ဖြင့် ပူဇော်ကန်တော့တော် မူ၏။ အသိန်းမကသော နတ်၊ ဗိုလ်ခြေ၊ လူဗိုလ်ခြေတို့လည်း သောသော အုပ်အာ လွန်စွာ ဝမ်းသာဖြစ်ကုန်၏။ စည်၊ မောင်း၊ ပတ်သာ၊ တူရိယာ တို့ကို သံဝါငြိမ့်ညှင်း၍ တီးမှုတ်ကြလေကုန်၏။ သီဟိုဠ်ကျွန်း ရှင်ဘုရင် မင်းမြတ်သည် အလောင်းစည်သူမင်းကြီးအား ဤသို့ လျှောက်ထားလေ သည်။ `မြတ်သော လှေစကြာရှင် ဘုရင်မင်းမြတ် မင်းသာမန်တို့ ပြုနိုင်ခဲစွာသော သစ်ဆယ်ပါးတို့ဖြင့် ထုလုပ်ကိုးကွယ်အပ်သော ဘုရားရုပ်တုတော်တစ်ဆူကို ဆက်သရလျှင် ကျွန်ုပ်အား တင်းတိမ် ရောင့်ရဲခြင်းဖြစ်ပေသည်။ ဤဘုရားရုပ်တုကား သွန်းခုတ်ထုလုပ်၍ ပြီးစီးလျှင် ခုနစ်ရက်တိုင်တိုင် ကျွန်ုပ်၏ နန်းတော်ဦးတွင် သဘင်ကြီးစွာ ခံ၍ သီဟိုဠ်ကျွန်းတစ်ကျွန်းလုံးကို အုံးအုံးခြိမ့်ညံအောင် ပူဇော်ရပေ သည်။ ခုနစ်ရက်ပတ်လုံး သဘင်ကြီးစွာခံယူပြီးမှ ရွှေနန်းတော်ဦးတွင် ရတနာပလ္လင်ဖြင့် တည်ထားကိုးကွယ်ရသော ဘုရားရုပ်တုတော်ကို အရှင်တရားမင်းထံ အပ်နှံဆက်သရသည်။ သည်ဘုရားရုပ်တုတော်ကား ကျွန်ုပ်၏ နိုင်ငံတော်ဖြစ်သော သီဟိုဠ်ကျွန်းအလုံး၏အရှင်သခင်ပင် ဖြစ်တော့သည်။ ရှင်သိကြားလည်း အကျွန်ုပ်အား မဟာဗောဓိဖြင့် ကူညီ လာပေသည်’ ဤသို့ လျှောက်ထားလေတော့ အလောင်းစည်သူမင်းကြီးလည်း သိင်္ဃိုဠ်ဘုရင်အား အကြည်အသာ ချေငံစွာ ဟောပြောတော်မူ၏။ထို့နောက် သိကြားမင်းကလည်း ဤသို့ပြောဆိုပြန်သည်။
`မြတ်သော လှေစကြာရှင်မင်းကြီးသည် ဘုရားရုပ်တုတော်ကား ဒိက္ခဏသာခါ မဟာဗောဓိအစစ်တည်း။ သာသနာငါးထောင် တည်သမျှ ကာလပတ်လုံး ဘုံသုံးပါး၌ဖြစ်သော နတ်လူတို့အား ကောင်းမှုအကျိုး များစိမ့်သောငှာ၊ လျောက်ပတ်ကောင်းမွန် ကြန်အင် လက္ခဏာ မှန်ကန် စွာသော မြေတော်အရပ်၌ တည်ထား ကိုးကွယ်တော် မူလော့၊ သင်မင်းကြီး ၏ နန်းတော်အတွင်း၌သာ ပူဇော်ကိုးကွယ်သော သတ္တဝါတို့အား အစီးအပွား မဖြစ်ထွန်းရာ ဖြစ်တော့မည်’ ဟူ၍ ပြောဆိုပြန်သည်။စကြာလှေရှင် နရပတိစည်သူမင်းကြီးလည်း ချေငံသာယာစွာ ပြောဆိုပြီးလျှင် သိကြားမင်းဆိုတိုင်း ပြုအံ့ဟု ဝန်ခံတော်မူသည်။ သိကြားမင်းကူညီ၍ `သိင်္ဃိုဠ်ရှင်’ ဟု သမုတ်မှည့်ခေါ်တော်မူသည်။ လိပ်ကမ္ဗည်းလည်း တပ်စေသည်။ ဗိုလ်လူတို့အားလည်း အမှတ်အသား ပြုစေသည်ဟု မှတ်သားရပါသည်။ ကောင်းမှုကုသိုလ်
သီဟိုဠ်ရှင်ဘုရားပွဲတော်ရက်မှာ သီရိမင်္ဂလာဝတ်ရွတ်တော်အဖွဲ့မှ နှစ်စဉ် အလှူခံ ကုသိုလ်ပြုပေးကြောင်း သိရသည်။ သီရိမင်္ဂလာဝတ်ရွတ် တော်အဖွဲ့မှ ၁၁၁၄ ခုနှစ်က လာရောက်ဖွဲ့စည်းပေးထားခြင်းဖြစ်ကြောင်း သိရသည်။ သီဟိုဠ်ရှင်ဘုရား သီရိမင်္ဂလာ ဝတ်ရွတ်တော် အဖွဲ့တွင် ပခုက္ကူမြို့ပေါ် ရပ်ကွက်ပေါင်း ၁၅ ခုမှ လုပ်အားကုသိုလ်ရှင်များ ပါဝင်ကြောင်း သိရသည်။
`အခုလို ဘုရားပွဲတော်ရက်မှာ အလှူခံပေးရုံမကဘဲ နယုန်လ ပြည့်နေ့မှာ မဟာသမယ သုတ်တော်ကြီးကို ရွတ်ဖတ်ပူဇော်ပါတယ်။ တခြားအခါကြီးရက်ကြီးတွေမှာလည်း ရွတ်ဖတ်ပူဇော်ပါတယ်။ မနှစ်က ပွဲတော်ရက်မှ အလှူငွေ သိန်း ၆၀ ကျော်ရပါတယ်။ တာဝန်ကျ အသင်းသားတွေက ကိုယ့်ထမင်းကိုယ်ယူပြီး လုပ်အားကုသိုလ် ယူကြ တာပါ။ ဘုရားဂေါပကက ထိုက်သင့်တဲ့ ရာခိုင်နှုန်းကို အသင်းအား ပြန်လှူပေးတဲ့အခါ အသင်းရဲ့သာရေး၊ နာရေးတွေမှာ အသုံးပြုပါတယ်’ ဟု သီရိမင်္ဂလာဝတ်ရွတ်အသင်းမှ နာယကဆရာ ဦးလွင်အောင် (ပခုက္ကူ နွယ်အောင်)က ပြောပြသည်။ နယုန်လပြည့်နေ့ နံနက် ၅ နာရီတွင် မြတ်စွာဘုရားအား ဆွမ်း၊ ခဲဘွယ်၊ ဘောဇဉ်များ ကပ်လှူပူဇော်၍ သံဃာတော်အရှင်သူမြတ် အပါး ၁၅၀ဝ ကျော်တို့အား ဆွမ်း၊ သပိတ်များ ဆက်ကပ်လှူဒါန်းကြောင်း သိရသည်။ ရှေးယခင်ကပင် ရပ်ဝေးမှဧည့်သည်များ လှည်း၊ ပေါင်းမိုးကြီး များဖြင့် ဆွမ်းသပိတ်လောင်းလှူဖို့ အားခဲပြီး ညအိပ်လာရောက် လောင်းလှူကြကြောင်း သိရသည်။
မယ်စိမ်းညိုရဲ့နတ်နန်း
သီဟိုဠ်ရှင်ဘုရားရဲ့ အရှေ့တောင်ဘက် ဂေါပကအဖွဲ့ရုံးခန်းအနီး အုံ့ဆိုင်းနေတဲ့ သစ်ပင်ကြီးအောက်မှာ နတ်ကွန်း၊ နတ်နန်းလေးတွေကို တွေ့ရပါသည်။ ပွဲတော်တွင်း လမ်းလျှောက်ရင်း နတ်ဒိုးသံတွေကို ပွဲတော်ရက်အတွင်းမှာ ကြားနေရမှာပါ။ မယ်စိမ်းညိုဟာ အလောင်း စည်သူမင်းကြီးရဲ့ မိဖုရားတစ်ပါးပါ။ `သမိုင်းမှာတော့ အလောင်းစည်သူမင်းကြီး ဖောင်စတြာနဲ့ လှည့်လာတဲ့အခါ ဟိုအနောက်နားမှာ ပေါက်အင်းဆိုတာရှိပါတယ်။ အခု ၁၀၁ တပ်မတည်ထားတဲ့ နေရာပေါ့။ အဲဒီနားမှာ ရေလုပ်ငန်းလုပ်တဲ့သူတွေ ကွန်ပစ်တဲ့နေရာရောက်တဲ့အခါ ခါးတောင်းကျိုက်ပြီး ကွန်ပစ်နေတဲ့ ရေလုပ်သားကိုမြင်တော့ ဘုရင်ကတော် မယ်စိမ်းညိုက ပြုံးတော်မူ လိုက်တာကို ဘုရင်က ရာဇဣနြေ္ဒမဲ့တယ်ဆိုပြီး သံလျက်နဲ့ ခုတ်သတ် လိုက်တာပါ။ အဲဒီမှာ သေသွားတော့ ဒီမှာ ဘုရားတည်တဲ့အခါ ဘုရား အမကြီးအနေနဲ့ ဒီနတ်စင်ကို တည်ပေးရတာပါ။ သေသွားတော့ မယ်စိမ်းညိုက ကိုယ်ဝန်နဲ့ဆိုတော့ ဒီသားကိုထုတ်ပြီး ဂူတည်ပါတယ်။ သမိုင်းအလာ သားထုတ်ဂူကနေ အခု ရွှေဂူဘုရားဖြစ်လာရတာပါ။ မယ်စိမ်းညိုအကြောင်းပြုပြီး ပေးထားတဲ့ ဒီနတ်ကွန်းမှာ အလှည့်ကျ နတ်ကတော်သုံးဦးထားပေးပါတယ်။ အလှည့်ကျ နတ်ကတော်က ဘုရားကို ငါးသောင်းပေးလှူပါတယ်’ ဟု ဂေါပကအဖွဲ့မှ ဦးဆင်ပေါက်က ရှင်းပြပါသည်။ ပြုံးရုံလေးနဲ့ အသတ်ခံရတဲ့မယ်စိမ်းညိုအပေါ် ကရုဏာသက်မိပြီး မယ်စိမ်းညို နတ်ဖြစ်ကြောင်း သမိုင်းအထောက်အထားမရှိပေ။ အကယ်၍များ မကျွတ်လွတ်သေးရင် ဆိုတဲ့အသိနဲ့ ဘုရားမှာ လှူဒါန်းမှုအတွက် အမျှပေးဝေခဲ့ပါသည်။ ဘုန်းတန်ခိုးကြီးပြီး လက်ညှိုးညွှန်ရာ ရေ ဖြစ်တယ်ဆိုတဲ့ အလောင်းစည်သူမင်းကြီးရဲ့ဖောင်စကြာအနားမှာ ရေလုပ် သားတွေက အရိုအသေမပေးဘဲ ပုံမှန်အလုပ်ဖြစ်တဲ့ ကွန်ပစ်တဲ့ အလုပ် လုပ်နေတယ်ဆိုတာလည်း နားမလည်နိုင်အောင်ဖြစ်ရပါသည်။ ပွဲဈေး တန်းကို ကျောပေး၊ ကွင်းပြင်ကျယ်ကို မျက်နှာမူထားတဲ့ မယ်စိမ်းညိုရဲ့ နတ်ကွန်းလေးက လေတဖြူးဖြူးနဲ့ အေးချမ်းလှပါသည်။ အသက် ၇၀ ကျော် နတ်ကတော် အမယ်အိုကတော့ ပတ်မကြီးကို ကျောပေးပြီး သုံးပေခန့်အမြင့်ရှိတဲ့ မယ်စိမ်းညိုရဲ့ရုပ်တုကို ငေးနေပါသည်။
ပွဲတော်ရက် ကျန်းမာရေးစောင့်ရှောက်မှု
မယ်စိမ်းညိုနတ်ကွန်းရဲ့ ကွင်းပြင်တစ်ဖက်က အဆောက်အဦမှာ ကျန်းမာရေး စောင့်ရှောက်ဖို့ ကြက်ခြေနီအဖွဲ့၊ တိုင်းရင်းဆေးအဖွဲ့၊ မြို့နယ် ကျန်းမာရေးဌာန၊ လုံခြုံရေး စသဖြင့် ရုံးခန်းငယ်လေးများကို တွေ့ရပါ သည်။
`ပွဲတော်ရက်က ရက်ရှည်ပွဲဖြစ်တာကြောင့် ကူးစက်ရောဂါ မပြန့်ပွားဖို့ ကျန်းမာရေး စောင့်ရှောက်မှုကလည်း အရေးပါတယ်။ ပွဲတော်ရက် မတိုင်ခင်ကတည်းက ဒီနားပတ်လည် ရေတွင်းတွေကို လေးရှိပေါင်ဒါ ခတ်ထားပါတယ်။ အခုဈေးဆိုင်တွေ၊ စားသောက်ဆိုင် တွေကိုလည်း အစားအသောက် ယင်မနားအောင် ရောင်းချဖို့ ပညာပေးပါတယ်။ ဈေးဆိုင် တိုင်းကိုလည်း အပူဒဏ်ကာကွယ်ဖို့နဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဖို့ ဘယ်လိုနေ၊ ဘယ်လိုထိုင်ရမယ်ဆိုတာ ပညာပေးလက်ကမ်း စာစောင်လေးတွေ ဖြန့်ဝေပေးထား ပါတယ်’ ဟု မြို့နယ်ကျန်းမာရေးဌာန မှ ဒေါ်လှလှရီက ပြောပြပါသည်။
ပွဲတော်ရက်တွေမှာ ပခုက္ကူဆေးရုံအုပ်ကြီး ဒေါက်တာ ဦးကိုကိုကြီး ၏ လမ်းညွှန်မှုဖြင့် မြို့မကျန်းမာရေးဌာန၊ ကျောင်းကျန်းမာရေးနှင့် တခြားအဖွဲ့များ ပါဝင်သည်။ ယခုနှစ် ပွဲတော်ရက်တွေမှာ သာမန် ချောင်းဆိုး၊ ဖျားနာမှုမှလွဲ၍ တခြားရောဂါများ မရှိကြောင်း သိရသည်။ ဇာတ်ရုံအနီး ဈေးတန်းမှာ ယာယီရေလောင်းအိမ်သာများ ထားပေးထားသည်။ ဝမ်းပျက်ဝမ်းလျှောနှင့် ကူးစက်ရောဂါတွေ မပြန့်ပွားဖို့ နှစ်စဉ် ရက်ရှည်ကျင်းပသော ပွဲတော်မို့ ရေလောင်းအိမ်သာကို အုတ်နှင့် စနစ် တကျ ဆောက်လုပ်သင့်ပါသည်။ ဝမ်းရောဂါ မဖြစ်ပွားဖို့အတွက် ရေသန့် သောက်ရန်၊ အမှည့်လွန်အသီး မစားရန်၊ အစားအသောက် များတွင် ယင်မနားစေရန် တာဝန်ကျ ဆရာမတွေ အဖွဲ့ခွဲပြီး ဈေးဆိုင်တွေကို ပညာပေး လုပ်ဆောင်တယ်လို့ သိရပါသည်။ ခုခံအားကျဆင်း၊ ကာလ သားရောဂါတိုက်ဖျက်ရေးမှ ဆရာ ဒေါက်တာတင်မောင်ထွေးက ရပ်ကွက်မှ သက်ဆိုင်ရာများနှင့်ပေါင်းပြီး ပညာပေးလုပ်ငန်းများ လုပ်ဆောင်ထားပြီဟု သိရပါသည်။ ပွဲတော်ရက်တွင် ခုခံအားနှင့် ကာလသားရောဂါပညာပေးဆောင်ရွက် မှုကိုတော့ မတွေ့ခဲ့ရပေ။ ပခုက္ကူနယ်မှ လူငယ်များ စုရုံးရောက်ရှိတတ်သော ယခုလို ပွဲတော်ရက်တွင် ခုခံအားနှင့် ကာလသားရောဂါအကြောင်း ကိုလည်း နောက်နှစ်တွေမှာ ပညာပေးလုပ်ဆောင်ဖို့ စီစဉ်သင့်သလို မိုးကြိုးငှက်ငယ်လေးများဇာတ်ရုံအနီးမှ အမှိုက်ပုံကိုလည်း စနစ်တကျ အမှိုက်ပုံထားပေးဖို့ လိုအပ်မည် ထင်ပါသည်။
ပွဲတော်နှင့် ဖျော်ဖြေရေး
သီဟိုဠ်ရှင်မြတ်စွာဘုရားပွဲတော်ကြီးမှာ ပျော်ပွဲရွှင်ပွဲအဖြစ် နယုန် လဆန်း ၁၀ ရက်မှ နယုန်လဆုတ် ၁၀ ရက်နေ့အထိ အမှတ်(၁) ဇာတ်ရုံတွင် မြို့ရွှေမန်းသား ဖိုးချစ်၊ အမှတ်(၂) ဇာတ်ရုံတွင် ဟန်ဇာ မိုးဝင်း၊ အမှတ်(၁)နှင့် အမှတ်(၂)ကြား ဇာတ်ရုံတွင် မိုးကြိုးငှက်ငယ် လေးများအဖွဲ့ရှိပါသည်။ ယခုနှစ်တွင် ဆက်ကပ်အဖွဲ့ လျော့သွားကြောင်း သိရသည်။ ပွဲဈေးတန်းတွင်လည်း ဓာတ်ပုံဆိုင်များ၊ ချားရဟတ်များ နှင့် စည်ကားလှပါသည်။
ယခုနှစ်ဇာတ်ရုံများတွင် နာမည်ကျော် သရုပ်ဆောင်၊ အဆိုတော်တွေ မပါတာ တွေ့ရပါသည်။ မြန်မာမှန်ရင် ပုဂံရောက်ဖူးရမယ်၊ ရဟန်းဝတ် ဖူးရမယ်၊ ဇာတ်ပွဲကြည့်ဖူးရမယ် ဆိုတဲ့ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်ရဲ့ ဆောင်ပုဒ်နဲ့ မြို့ရွှေမန်းသား ဖိုးချစ်ရဲ့ ဇာတ်ရုံက ခမ်းနားထည်ဝါသလို နှစ်ပါးသွားအခွေနဲ့ ပရိသတ်အခိုင်အမာရနေတဲ့ ဟန်ဇာမိုးဝင်းဇာတ်အဖွဲ့ ကလည်း ပခုက္ကူက ပွဲချစ်သူတွေကို အမိအရ ဖမ်းစားနိုင်ခဲ့ပါသည်။ ဇာတ်ရုံများတွင် ပခုက္ကူ နယ်စုံကထက် ဒီနှစ် မြို့ပေါ် ပရိသတ် များကြောင်း သိရသည်။
`ဟိုတုန်းကတော့ ဦးတင်မောင်၊ စိန်အောင်မင်း၊ ပန်တျာကြည်လင် တို့ အများဆုံး ဝင်တယ်။ အဲဒီအချိန်က ပွဲဈေးတန်းက ကျဉ်းပေမဲ့ ဇာတ်ရုံကြီး သုံးရုံရှိခဲ့တယ်။ အခု နှစ်ရုံပဲရှိတော့တယ်။ မိုးကြိုးငှက်ငယ်၊ ဆက်ကပ်နဲ့ပေါင်းမှ လေးရုံပဲရှိတယ်။ မျက်လှည့်၊ တုတ်ထိုးအဖွဲ့တွေ လည်း မလာတော့ဘူး။ သယ်ယူစရိတ်တွေ မြင့်တက်လာတာကြောင့် လည်း ပါတယ်။ ကျွန်တော့်အသက် ၈၀ ကျော်ပါပြီ။ ကျွန်တော်တို့ ငယ်ငယ်တုန်းကဆို ပွဲတော်ကို အဝေးရွာတွေက လှည်းတွေနဲ့ လာကြတယ်။ ပေါင်းမိုးလှည်းတွေနဲ့ပေါ့။ အဓိကပေါင်းမိုးလှည်းတွေနဲ့ လာကြ တဲ့ မိသားစုတွေက နယုန်လပြည့်နေ့ ပခုက္ကူမြို့ပေါ် သံဃာကုန်လောင်း တဲ့ သပိတ်ဆွမ်းအတွက် ညအိပ်လာကြတာပါ။ မနက်အစောကြီးထပြီး ဆွမ်းထချက်ကြတယ်။ ဟိုးတုန်းက ရုပ်သေးကို ရပ်ဝေးက ဧည့်သည် တွေကို ဧည့်ခံ သဘောမျိုးနဲ့ ထည့်ပေးတယ်။ အခု ရုပ်သေးကလည်း ငှားလို့ မရလို့ ရုပ်သေးမပါနိုင်တာ ဆယ်နှစ်လောက်ရှိသွားပါပြီ။ ဟိုတုန်း က ပုဂံတိုက်ဝန်းကျင်မှာ လှည်းဝိုင်းတွေ ရှိခဲ့ဖူးပါတယ်။ လှည်းတွေ ရာချီပြီး လာကြပါတယ်။ မန်ကျည်းပင်ကွက်လပ်မှာလည်း လှည်းဝိုင်းတွေ ဖွင့်ပေးရပါတယ်။ အခုတော့ လှည်းတွေ အလာနည်းသွားပြီ}ဟု ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောပြသည်။
လှည်းနဲ့လာသော မိသားစုများမှ ကလေးများသည် ရုပ်သေးရုံ များမှာပင် စုပြုံ၍ အိပ်ပြီး မနက်လင်းမှ ကိုယ့်နေရာကိုယ် ပြန်ကြ ကြောင်း သိရသည်။ ယခင်တုန်းက မြင်းခြံရုပ်သေး၊ အောင်လံရုပ်သေး များ အလွယ်တကူ ငှားရန်အဆင်ပြေခဲ့သည်။ ယခုအခါ အစိုးရ ရုပ်ကြီး စင်ဆိုတာ ရှိသော်လည်း ငှားရန်အဆင်မပြေ၍ ရုပ်သေးအဆက်ပြတ် ရခြင်းဖြစ်ကြောင်း သိရသည်။ စတိတ်ရှိုးအသားပေးလာသော ယနေ့ ဇာတ်သဘင်များကိုကြည့်၍ သက်ကြီးပိုင်း များက ဟိုအရင်က နောက်ပိုင်းဇာတ်များကို သတိတရဖြစ်နေကြသည်။ `တချို့ဇာတ်ထုပ် တွေကို နှစ်ရက်ဆက်ပြီး ကရတယ်။ သီပေါမင်းပါတော်မူခန်းဆို တော်တော် ထည်ထည်ဝါဝါ ကခဲ့တယ်’ ဟု ကျောက်စရစ်ကန်ကျေးရွာမှ အသက် ၆၀ အရွယ် ဦးညွန့်ရွှေက ပြောပြသည်။
ပွဲတော်ရက် ရောင်းဝယ်မှု
ရှည်လျားလှတဲ့ ပွဲတော်ဈေးတန်းတစ်လျှောက်က ဈေးဆိုင်အများစု က ဒီနှစ်ပွဲတော်မှာ ဈေးဝယ်အေးတယ်လို့ တစ်ညီတည်း ဖြေသံကြားရ သည်။ အဝတ်အထည်ဆိုင်၊ စတီးခွက်၊ ပလတ်စတစ်ခွက် စတဲ့ အိမ်သုံးပစ္စည်းအရောင်းဆိုင်တွေသာ အရောင်းအဝယ်သွက်တယ် ဆိုပေမဲ့ မနှစ်က ရောင်းဝယ်မှုကိုတော့ မမီကြောင်း သိရသည်။ ကျေးလက်အိမ်သုံး၊ တောင်သူ အသုံးအဆောင်ဖြစ်တဲ့ ဆန်ကော၊ ဆန်ခါ၊ တောင်း၊ သင်ဖြူးဆိုင်အများစုကတော့ ဆိပ်ဖြူ မြို့နယ် တဲကြီးရွာအနီးက ဖြစ်ကြောင်း သိရပါသည်။ နှီးရေအိုးဖုံး၊ ဝါးချိန်ခွင်၊ ထန်းခေါက်ဖာ စသဖြင့်လည်း စုံလင်လှတာ တွေ့ရပါသည်။
တောင်သူသုံးပန်းပဲတန်းမှာ ဓား၊ တံဇဉ်၊ ကပ်ကြေး၊ ပေါက်ပြား၊ ထယ်၊ တူ စသဖြင့် ပစ္စည်းအသေးမှစ၍ စုံလင်စွာ တွေ့ရသည်။ တောင်သူသုံးပန်းပဲပစ္စည်းများကို ပခုက္ကူမြို့နယ် ကိုင်းမုံညှင်းရွာက လာရောက်ရောင်းချမှုများကြောင်း သိရသည်။ ]ဒီပွဲပြီးရင် မြို့သာနတ်ပွဲကို ကူးမှာပါ။ အခု မြိုင်နယ်ဖျာသီနတ်ပွဲက ကူးလာတာပါ။ ဖျာသီနတ်ပွဲက တော်တော်ရောင်း ရသယ်။ ဒီမှာတော့ အရောင်းအဝယ် အေးသယ်’ ဟု တောင်သူသုံးပန်းပဲ ပစ္စည်းအရောင်းဆိုင် တစ်ဦးက ပြောပြသည်။ ပွဲတော်ရက်မှာ အရောင်းအဝယ်သွက်တာက ရွှေဘိုမြို့ နွယ်ငြိမ်းရွာ နှင့်အနီး ရွှေဂွန်း၊ ရွှေတိုက်၊ ဖလားရွာမှ အိမ်သုံး၊ လုပ်ငန်းသုံး၊ စဥ့်အိုးအရောင်းဆိုင် များ ဖြစ်သည်။ အိုးပုတ်၊ ချိုးရုပ်၊ ငပိအိုး၊ ဆားအိုး၊ ဆီအိုး၊ အင်တုံ ကြီး/သေး၊ ဆေးလိပ်ခွက်၊ ပန်းအိုးမျိုးစုံမှ ရာဝင်စဥ့်အိုးကြီးထိ အမျိုး အစားစုံလင်လှပြီး ဧရာဝတီမြစ်ကြောင်းမှ လာရောက်၍ ရောင်းချကြောင်း သိရသည်။ ရောင်းချရာတွင်လည်း အလှစိုက်ပန်းအိုး စဥ့်အသေး ၅၀ဝ ကျပ်၊ ဆေးလိပ်ခွက် ၅၀ဝ ကျပ်၊ အိုးပုတ်၊ အမွှေးတိုင်ထွန်းခွက် ၂၀ဝ ကျပ်၊ စဥ့်ငရုပ်ဆုံ ၃၀ဝ ကျပ်မှ ၆၀ဝ ကျပ်၊ ၅၀ ပိဿာဝင် ခန့် အိုးတစ်လုံး ၅၅၀ဝ ကျပ်၊ ရာဝင် စဥ့်အိုး ၁၂၀ဝ၀ ကျပ်၊ ၁၀ ပိဿာဝင် အိုးတစ်လုံး ၃၀ဝ၀ ကျပ်၊ အင်တုံ တစ်လုံး ၆၀ဝ ကျပ် ဈေးရှိကြောင်း သိရသည်။ `နာဂစ်ပြီးကတည်းက ဧရာဝတီတိုင်းကို အဓိကထားပြီး တင်ပို့ပေးနေရပါတယ်။ NGO အဖွဲ့က လာဝယ်ကြတယ်။ ထန်းလျက် လှောင်ဖို့အတွက် ပုဂံ၊ ညောင်ဦး၊ ကျောက်ပန်းတောင်းဒေသတွေက လည်း အဝယ်များပြီး တစ်နှစ်ပတ်လုံး ရောင်းနေရပါတယ်’ ဟု စဥ့်အိုး အရောင်းဆိုင်ရှင် ကိုပြည့်ဖြိုးအောင်က ပြောပြသည်။
ပွဲတော်ရက်မှာ သတ်မှတ်သည့်ရက်အထိ ဇာတ်အဖွဲ့တစ်ဖွဲ့က ကပြမှုမရှိ၍ စားသောက်တန်းမှ ဈေးဆိုင်များ အရောင်းပါးခဲ့သည်ဟု သိရသည်။ `နေပြည်တော် ပျဉ်းမနား၊ လယ်ဝေးပွဲက ကူးလာတာပါ။ နှစ်စဉ် ဒီပွဲတော်မှာ လာလုပ်တာ ၁၀ နှစ်လောက်ရှိပါပြီ။ ကုန်ကျစရိတ် က တစ်ရက်ကို တစ်သောင်းခွဲ၊ နှစ်သောင်းလောက်ရှိတယ်။ မီးချောင်း တစ်ချောင်းကို ၁၅၀ဝ ဆိုတော့ ပွဲတော်ရက်မှာ မီးချောင်းဖိုးတင်ကို ကိုးသောင်းကျော်လောက် ကျတယ်။ အထွေထွေ ကုန်ကျစရိတ်၊ အခွန် အခတွေနဲ့မကိုက်လှဘူး’ လို့ ရဟတ်ပိုင်ရှင် တစ်ဦးက ပြောပြသည်။
         အမှတ်(၁) ဇာတ်ရုံနှင့် အမှတ်(၂) ဇာတ်ရုံကြား ယခုနေရာသည် ပွဲဈေးတန်းလျှောက်သူများနှင့် စည်ကားလှသည့်အတွက် ချားရဟတ်များ အဆင်ပြေသော နေရာ ဖြစ်သည်။ ပွဲလာကြည့်ရင်း ဖြတ်မိမှ ရဟတ်ကို စီးကြမည်ဖြစ်ရာ ချား၊ ရဟတ်များကို သီးသန့်နေရာချထားပေးခြင်းထက် ယခုနေရာကသာ ဇာတ်ရုံနှင့် ချားရဟတ်အတွက် အဆင်ပြေလိမ့်မည် ဖြစ်သောကြောင့် ပွဲစည်ကားရေးအတွက်၊ ရပ်ဝေးမှ ရဟတ်အဖွဲ့များ အတွက် စဉ်းစားပေးသင့်လှပါသည်။ပခုက္ကူမြို့ကို တမာမြေဟု တင်စားသလို မြို့တော်ရဲ့အဓိက လမ်းများဖြစ်သော ပေါက်၊ မြိုင်လမ်းမှာ တမာပင်တွေ အုပ်မိုးနေတာ တွေ့ရသည်။ ပခုက္ကူနှင့် ၁၂ မိုင်အကွာ ကန်တော်ကျေးရွာဇာတိဖြစ်သော ကျွန်တော့်အဖို့ မအားလပ်သည့်အတွက် ပွဲတော်ကို တစ်ညအိပ်သာ လေ့လာရေးသားရတာ အားမရလှပါ။ ရာသီချိန်မဟုတ်သောကြောင့် တမာပွင့်တွေ မမြင်ရသော်လည်း တမာရနံ့တွေကို သတိတရရှိနေပါ သည်။ အညာမြေမှာ တမာတွေ ဝေလျှင်ဖြင့် ကျွန်တော် တစ်ခေါက် အရောက်လာချင်ပါသေးသည်။
Tuesday, 7 September 2010
အိမ်(၂)
နွေးထွေးချမ်းမြေ့မှုတွေပေးခဲ့တဲ့ အိမ်(၂)လေးကတော့ တောင်ပေါ်မြို့လေးတစ်မြို့မှာပါ။ ကားမူးတတ်တဲ့ကျမ ပြင်ဦးလွင်မြို့ကိုရောက်တာနဲ့ ကားမူးတွေပြေသွားတော့တာပါပဲ။ အေးစိမ့်ပြီးလတ်ဆတ်တဲ့လေလေးတွေကို ရှုရှိုက်ရင်း တောင်ပေါ်မြို့လေးဆီကို ရောက်လာခဲ့ပါတော့တယ်။ ကားလမ်းမကနေ ချိုးကွေ့သွားတဲ့ လမ်းသွယ်လေးထဲမှာ ကျမတို့နေတဲ့အိမ်လေးရှိပါတယ်။ အိမ်ရှေ့မှာတော့ မူကြိုကျောင်းလေးရှိလို့ ချစ်စရာကလေးလေးတွေကို မြင်တွေ့နေရပါတယ်။ အိမ်ရဲ့ခေါင်းရင်းဖက်မှာတော့ ချောင်းလေးရှိပြီး တစ်ခါတစ်ရံ အဝတ်တွေသွားလျှော်ဖြစ်ပါတယ်။ အဖေက သစ်ပင်စိုက်တာဝါသနာပါတဲ့အတွက် အိမ်ရှေ့မှာဆိုရင် လိမ္မော်ရောင်၊ အဖြူရောင်ပန်းပွင့်လေးတွေ ပန်းခင်းလေးလို စိုက်ထားပြီး ဝေဝေဆာဆာဖူးပွင့်နေပါတယ်။ ကီလိုမာလကာပင်လဲစိုက်ထားပြီး မာလကာပင်ခြေရင်းမှာ ရေကန်လေးလိုတူးထားပြီး ဗေဒါတွေစိုက်ထားပါတယ်။ အိမ်ရှေ့ဝရံတာမှာလဲ သစ်ခွတွေချိတ်ဆွဲံထားပါသေးတယ်။ အိမ်ရဲ့နောက်ဖေးဘက်မှာတော့ ဖရုံပင်၊ ပြောင်းဖူးပင်၊ မုန်ညင်းပင်တွေစိုက်ထားပြီး မနက်စောစော အဖေက သစ်ပင်တွေရေလောင်းရင်းနဲ့ လတ်လတ်ဆတ်ဆတ်ခူးဆွတ်ပေးတဲ့ ဖရုံရွက်ကြော်၊ ပြောင်းဖူးကြော်လေးတွေ ထမင်းကြော်နဲ့မြိန်မြိန်ကြီးစားခဲ့ရတာ မှတ်မိနေပါသေးတယ်။
အဲဒီအချိန်တုံးက တစ်နေ့မုန့်ဖိုး (၁)ကျပ်ရပါတယ်။ အဖေက လစာထုတ်ရက်မှာ တစ်လစာမုန့်ဖိုး(၃၀)ကျပ်တစ်ခါတည်းပေးထားပါတယ်။ ကျမက တစ်လကို (၁၅)ကျပ်စုထားပြီး ကျန်တဲ့(၁၅)ကျပ်ကိုသုံးပါတယ်။ ဘယ်လိုသုံးလဲဆိုတော့ သဇင်ဘီစကွတ်တစ်ထုတ်ကို (၇း၃၀)ကျပ်ပေးရပြီး တစ်လကိုနှစ်ထုတ်ဝယ်၊ တစ်နေ့ဘီစကစ်(၂)ချပ်နှုန်းနဲ့စားတာပါ။ စုထားတဲ့(၁၅)ကျပ်ကို ဘယ်နေရာမှာသုံးလဲဆိုတော့ အဲဒီမြို့မှာ (၅)ရက်တစ်ဈေးရှိပါတယ်။ တောကအသီးအရွက်သည်တွေပါ လာရောင်းလို့စည်ကားပါတယ်။ ဈေးနေ့တိုင်း ဈေးကိုသွားပြီး ရောင်စုံကလစ်လေးတွေဝယ်စုပါတယ်။ ဆံပင်မှာညှပ်လေ့တော့မရှိပါဘူး။ ဝယ်ထားတဲ့ကလစ်ရောင်စုံလေးတွေကို ဗူးလေးတစ်ခုထဲမှာထည့်သိမ်းထားပြီး ထုတ်ထုတ်ကြည့်ရတာ ပီတိတစ်ခုပါပဲ။
ဈေးနေ့မှာစားရတဲ့ တို့ဖူးပျော့နဲ့ မုန့်တီကိုလဲ စွဲလန်းနေတုန်းပါပဲ။ တို့ဖူးပျော့ထဲမှာထည့်စားတဲ့ ကြာညှို့နဲ့ မုန့်ညင်းချဉ်က တခြားသီးသန့်ရောင်းတာတွေနဲ့ အရသာမတူပါဘူး။ ပိုပြီးစားလို့ကောင်းပါတယ်။ မက်မန်းသီးဆိုရင်လဲ ဆိုင်မှာဝယ်စားရတာထက် ကိုယ်တိုင်လုပ်တဲ့အိမ်မှာ သွားဝယ်စားရတာ ပိုစားကောင်းပါတယ်။ နောက်တမ်းတမိတာတစ်မျိုးက ထမင်းချဉ်ပါ။ ငါးမုန့်ကြော်၊ ဂျူးမြစ်တို့နဲ့တွဲစားရတာမှတ်မိနေပါသေးတယ်။ တညင်းသီးနဲ့ဝက်သားချက်၊ ငှက်ပျောဖူးသုပ်၊ မက်ခေါက်ပေါင်း၊ ရေမုန့်၊ ငှက်ပျောပေါင်း၊ ရှမ်းပြောင်းဖူးပြုတ် စားခဲ့ရတာလေးတွေ။
ကျောင်းတွေနှစ်ရှည်ပိတ်ထားတုံးက အိမ်နဲ့ကပ်ရက်က ကျောင်းစာကြည့်တိုက်ရှိတော့ သာအုပ်တွေငှားဖတ်ဖြစ်ပါတယ်။ အဲဒီမှာ ချက်နည်းပြုတ်နည်းစာအုပ်တွေ ဖတ်ပြီး ချက်ကြည့်ပါတယ်။ ဘုရားစာတွေလဲ အလွတ်ကျက်ဖြစ်ပါတယ်။ အဖေတို့သူငယ်ချင်းတစ်တွေ ပင်ပေါင်ရိုက်သွားရင် လိုက်သွားပြီး နိုင်တဲ့အဖွဲ့က ကော်ဖီတိုက်တာကို လိုက်သောက်ပါတယ်။ ရာသီဥတုကောင်းတော့ ပန်းမျိုးစုံလဲ ရာသီမလပ်ဖူးပွင့်ကြပါတယ်။ တခါတလေ ဘုရားပန်းမဝယ်မိရင် ချောင်းဘေးနဲ့ မူကြိုဝန်းထဲမှာ အလေ့ကျပေါက်နေတဲ့ ခတ္တာလိုမျိုးပန်းတွေ လိုက်ခူးပြီး ဘုရားပန်းတင်ခဲ့တာကိုလည်း မှတ်မိနေပါသေးတယ်။ စိန်ပန်းပြာနဲ့ ချယ်ရီတွေကို အဲဒီကျမှမြင်ဖူးပြီး ချယ်ရီပန်းလေးတွေခူးပြီး စာအုပ်ကြားမှာညှပ်ထားပါတယ်။ ချယ်ရီပန်းခြောက်လေးတွေဟာ အရမ်းကိုလှပပြီး အညာမှာရှိတဲ့ သူငယ်ချင်းတွေဆီ စာထည့်ရင် ချယ်ရီပန်းခြောက်လေးတွေပါ စာရွက်ကြားညှပ်ပြီး ထည့်ပေးလေ့ရှိပါတယ်။ သူငယ်ချင်းတွေကိုလည်း ချယ်ရီပန်းမြင်ဖူးစေချင်လို့လေ။ စွယ်တော်ရွက်လေးတွေလဲခူးပြီး စာအုပ်ကြားမှာ အခြောက်ခံဖူးပါတယ်။
ကျောင်းကပွဲမှာ ရှမ်းဝတ်စုံလေးနဲ့ကခဲ့ဖူးတယ်။ တေးသရုပ်ဖော်မှာ ပါဝင်ခဲ့တယ်။ အိမ်နားမှာ တရုတ်စကားပင်အကြီးကြီးတစ်ပင်ရှိတယ်။ ပင်စည်ကလည်းအတုတ်ကြီး၊ ဖြာထွက်နေတဲ့သစ်ကိုင်းကလည်း အေးအေးဆေးဆေးထိုင်ပြီး စာဖတ်လို့ရလို့ စနေ၊တနင်္ဂနွေကျောင်းပိတ်ရက်တွေဆို တခါတလေ သူငယ်ချင်းတွေနဲ့ အဲဒီအပင်ပေါ်တက်၊ စာတွေကျက်ခဲ့ဖူးတယ်။ အဲဒီမှာစက်ဘီးစစီးတတ်ပြီး ညနေတိုင်းမြို့မြောက်ဖျားကနေ တောင်ဖျားထိစက်ဘီးလျှောက်စီးဖြစ်တယ်။
Thursday, 2 September 2010
လက်ဆောင်လေးများ
လက်ဆောင်လေးတွေဟာ လူသားတွေတစ်ဦးနဲ့တစ်ဦး ရင်းနှီးနွေးထွေးမှုကို တိုးစေတဲ့အရာလေးတွေပါပဲ။ ချစ်စရာလက်ဆောင်လေးတွေပေါ့။ တန်ဖိုးရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ လှသည်ဖြစ်စေ၊ မလှသည်ဖြစ်စေ လက်ခံရရှိသူတွေကတော့ ကြည်နူးပီတိဖြစ်ရတာပါပဲ။ ဒီလက်ဆောင်လေးထဲမှာ စေတနာတွေ၊ ခင်မင်မှုတွေ၊ ချစ်ခင်မှုတွေအပြင် ရသစုံလဲပါဝင်နိုင်ပါတယ်။ ကျမကတော့ လက်ဆောင်လေးတွေကို မြတ်နိုးတန်ဖိုးထားမိတာပါပဲ။
လက်ဆောင်များများစားစားရယ်လို့တော့ မရရှိခဲ့ဖူးပါဘူး။ သူငယ်ချင်းတွေက မွေးနေ့အမှတ်တရပေးခဲ့တာတွေ၊ ခရီးသွားရာကအပြန် ဝယ်လာတဲ့ အိမ်ပြန်လက်ဆောင်လေးတွေကိုတော့ လက်ခံရရှိခဲ့ဖူးပါတယ်။ အခုနိုင်ငံခြားသားများဆီက ရခဲ့တဲ့ လက်ဆောင်လေးတွေအကြောင်းပြောပြချင်ပါတယ်။ တစ်ခုက သွယ်ဝိုက်သောနည်းနဲ့ရခဲ့တာပါ။ ဌာနကတစ်ယောက်pakistan သွားရာကနေ အပြန် keychainလေးရတာပါ။ ဖိလစ်ပိုင်တစ်ယောက်က သူ့ကိုလက်ဆောင်ပေးတာကို ကျမကိုပြန်ပေးခဲ့တာပါ။ မလေးရှားမှ ဌာနတစ်ခုက ဒုချုပ်ရဲ့အမျိုးသမီးလာလည်စဉ်က ကျမတို့ဌာနမှ ပုဂံဘုရားဖူးလိုက်ပို့ပေးရပါတယ်။ ကျမလည်းအင်္ဂလိပ်လိုရေရေလည်လည်မပြောနိုင်ပေမဲ့ လိုက်ပို့တဲ့အထဲပါပါတယ်။ အဲဒါကြောင့် မလေးရှားအကျီင်္တစ်ထည်လက်ဆောင်ရခဲ့ပါတယ်။ ဝတ်လို့အဆင်မပြေလို့ အမှတ်တရအနေနဲ့ပဲသိမ်းထားပါတယ်။ ထိုင်းကအဖွဲ့တွေ အလုပ်ကိစနဲ့လာတော့ အဲဒီလိုပဲဘုရားဖူးလိုက်ပို့ရင်းနဲ့ အပြန်မှာ keychainလေးတခုလက်ဆောင်ရပါတယ်။ ထိုင်းတွေကလက်ဆောင်ပေးနေတော့ အတူလာတဲ့အဖွဲ့ထဲမှာ သြစတေးလျှကလဲပါပါတယ်။ သူကကျမကို ခဏစောင့်ပါအုံးနော်လို့ပြောပြီး ဟိုတယ်ထဲဝင်သွားပါတယ်။ ခဏနေပြန်ထွက်လာပြီး ကျမကိုလက်ဆောင်လာပေးပါတယ်။ ထိုင်းတွေလက်ဆောင်ပေးနေတာမြင်တော့ သူလဲပေးချင်လို့နေမှာပေါ့နော်။ ပေးတဲ့ပစည်းလေးက နေ့လည်ကဘုရားတွေလည်ဖူးရင်းနဲ့ ဝယ်လာတဲ့ ယွန်းလက်ဖက်အစ်လေးပါ။ အဲဒါလေးဝယ်နေတဲ့အချိန်က ကျမမှာ မအီမသာ feelingတစ်ခုခံစားနေရပါတယ်။ ဘာလို့လဲဆို သူကယွန်းအစ်ဝယ်ဖို့ဈေးမေးတော့ဆိုင်ရှင်က ၃၀၀၀လို့ပြောပါတယ်။ အမှန်ဆို၇၀၀လောက်ပဲတန်တဲ့ပစည်းပါ။ ကျမမှာကိုယ့်ဆီလာတဲ့ဧည့်သည်ကို မှန်ကန်တဲ့ဈေးနဲ့ရစေချင်တဲ့စေတနာရယ် တဖက်ကဈေးသည်ရဲ့ စားဝတ်နေရေးကိစကိုထည့်စဉ်းစားရတာနဲ့ မအီမသာဖြစ်နေခဲ့တာပါ။ အဲဒီယွန်းအစ်လေး လက်ဆောင်အဖြစ်ရခဲ့ပါတယ်။ တစ်ခုက ကျမရဲ့ associated professor Scotland ကပြန်လာတော့ londonကနေဝယ်လာတဲ့ ပိုက်ဆံအိတ်လေးပါ။ အဖြူခံပေါ်မှာ အစိမ်းရောင်ပန်းပွင့်သေးသေးလေးတွေနဲ့ ချစ်စရာလေးပါ။ တစ်ခါပိုက်ဆံအိတ်လေးပဲ လက်ဆောင်ထပ်ရပြန်ပါသေးတယ်။ အဲဒါကတော့ butan စုံတွဲတစ်တွဲကို ထမင်းစားဖိတ်ရင်းနဲ့ရခဲ့တာပါ။ ဂျပန်သူငယ်ချင်းမလေးဆီက ရတဲ့ လက်ကိုင်ပုဝါလေးတွေ၊ အိုကားစံဆီက ရတဲ့ ပိုက်ဆံအိတ်လေးတွေ၊ ဝတ္တရားအရ လက်ဆောင်ပေးခဲ့တာပဲဖြစ်ဖြစ်၊ စေတနာအရ ပေးခဲ့တာပဲဖြစ်ဖြစ် မြတ်နိုးတန်ဖိုးထားမိတာတော့ အမှန်ပါပဲ။
Tuesday, 31 August 2010
မော်တော်စီး၍သွားရာဝယ်
ကျမတို့ရွာလေးနဲ့ ရွာနီးချုပ်စပ်က မြို့ကိုဈေးဝယ်သွားမယ်၊ ပဲနှမ်းရောင်းမယ် လူမှုရေး ကျန်းမာရေးအတွက် သွားဖို့ရာအတွက် အဓိကအားကိုးအားထားရာကတော့ ရေကြောင်းလမ်းပါပဲ။ ဧရာဝတီမြစ်တစ်ဖက်ကမ်းကမြို့ကို သွားမယ်ဆို စက်လှေရှိပြီး ကမ်းတစ်ဖက်တည်းမှာရှိတဲ့မြို့ကို သွားမယ်ဆိုရင်တော့ မော်တော်နဲ့သွားလေ့ရှိပါတယ်။ ကတ္တရာခင်းမဟုတ်တဲ့ လမ်းကြမ်းကြမ်းမှာ ထွန်စက်နဲ့တွဲချိတ်မောင်းတဲ့ ထော်လာရှိပေမဲ့ လမ်းမကောင်းတာအပြင် မိုးတွင်းဆိုဗွက်ထနေပြီး ဗွက်ထဲမှာကားနစ်နေလို့ လှည့်ပြန်ခဲ့ရတာတွေ၊ ခြေလျှင်လျှောက်သွားရတာတွေရှိတာကြောင့် အချိန်မှန် အဆင်ပြေတဲ့ ရေလမ်းကိုပဲအားကိုးကြပါတယ်။
မနက်စောစော ဝေလီဝေလင်း အိပ်ရာကထ နံနက်စာစားသောက်ပြီး မြို့မှာနေ့လည်စာစားဖို့ပါ ထမင်းထုပ်ပြီး ဈေးဝယ်မဲ့သူက ဈေးခြင်းဆွဲ ဝယ်မဲ့ပစ္စည်းမှတ်ထားတဲ့ စာရင်းစာရွက်လေးယူ၊ အိမ်နီးနားချင်းတွေကမှာတာပါမှတ်ပြီး မော်တော်ဆိပ်ကိုဆင်းပါတယ်။ ပဲနှမ်းရောင်းမဲ့သူကတော့ အိမ်ကနေ ပဲအိတ်၊နှမ်းအိတ်တွေကို လှည်းနဲ့မြစ်ဆိပ်အထိလိုက်ပို့ကြပါတယ်။ နံနက်ခင်းအေးမြမြ လေလေးတဖြူးဖြူးနဲ့ မြစ်ဆိပ်ကိုဆင်း မော်တော်ရောက်မလာသေးရင် ကလေးတွေက ရေစပ်မှာဆင်းဆော့။ မြစ်ကမ်းဘေးကကြော်တဲမှာ အကြော်ပူပူလေးတွေဝယ်စား။ မော်တော်ဆိုက်လာပြီဆိုရင်တက်ကြ။ ပဲအိတ် နှမ်းအိတ်တွေတင်ပြီးရင် မော်တော်ထွက်။
မြစ်ကမ်းတလျှောက်မှာရှိတဲ့ ရွာစဉ်တလျှောက် မော်တော်ကမ်းကပ်ပြီး ခရီးသည်တင်ပါတယ်။ မော်တော်ပေါ်မှာပဲ တခြားရွာကဆွေမျိုးတွေ အသိမိတ်ဆွေတွေ ဆုံကြ၊ စကားပြောကြတာ မော်တော်စက်သံကိုတောင်လွှမ်းသွားပါတယ်။ အဖွားကြီးတွေကတော့ ဆေးပေါ့လိပ်၊ ဆေးလိပ်ပြာခံခွက်လေးတွေ မဖြစ်မနေထည့်လာကြပြီး မော်တော်ပေါ်မှာဆေးလိပ်သောက်ရင်း စကားပြောကြ၊ တချို့ကလည်းမနက်ခရီးထွက်ရမှာ စိတ်စောပြီး ညဖက်ကောင်းကောင်းအိပ်မပျော်သူတွေက မော်တော်ပေါ်ကျမှ အေးအေးလူလူအိပ်ကြသည်။ မော်တော်ကဦးခန်းမှာ မိန်းမတွေသီးသန့်ထိုင်ပြီး စက်ခန်းဘက်မှာတော့ ယောက်ျားများသီးသန့်ထိုင်ကြသည်။
ဆံပင်ဖြတ်ဖို့လိုက်လာကြတဲ့ အပျိုလေးတွေ၊ လမ်းခုလတ်ကရွာမှာတာဝန်ကျတဲ့ ဆရာမလေးတွေ၊ ပင်စင်ထုတ်ဖို့လိုက်လာတဲ့ အဖိုးအဖွားတွေ၊ ပွဲစားတွေ မော်တော်ပေါ်မှာ လူစုံလှသည်။ မော်တော်ကတော့ စက်သံတငြိမ့်ငြိမ့်နဲ့ လိုရာခရီးရောက်အောင်သွားနေသည်။ မြစ်ကမ်းတလျှောက်သွားခြင်းမို့ ပျိုးခင်းရေလောင်းပေါင်းသင်နေသူတွေ၊ နွားရှဉ်းဖြင့်ထွန်ယက်နေသူတွေ၊ မြေဇာကောက်နေသူတွေ၊ နွားစာရိတ်နေသူတွေ၊ ထမင်းချိုင့်လေးတွေ လက်မှာဆွဲပြီး ကျောင်းသွားနေသူတွေကို တွေ့မြင်နေရသည်။ စိမ်းစိုတဲ့အခင်းတွေ၊ အခုမှထွန်ယက်ပြီးစအခင်းတွေ၊ ဆက်ကြည့်မယ်ဆိုရင် ဟိုးအဝေးမှာ ပုပ္ပါးတောင်ကို မှုန်ဝါးဝါးလှမ်းမြင်ရသည်။ ဧရာဝတီမြစ်ကြောတလျှောက်လှမ်းမျှော်ကြည့်မည်ဆိုရင်တော့ ပြာလဲ့လဲ့တောင်တန်းတွေ။ အဲဒါတန့်ကြည့်တောင်ပဲပေါ့။ မြို့နဲ့တဖြည်းဖြည်းနီးလာတာနဲ့ နတ်သမီးကမ်းပါးကိုလှမ်းမြင်ရသလို ရွှေရောင်ဝင်းနေတဲ့ရွှေစည်းခုံစေတီကြီးကိုလည်း လှမ်း၍ဖူးမျှော်နိုင်ပါသည်။ ခရီးသည်တွေလည်းလှုပ်လှုပ်ရွရွနဲ့ နိုးတဲ့သူကနိုးလာ။ ဆေးလိပ်သောက်သူတွေလည်းပြာခံခွက်လေးထဲထိုးထည့်လို့ သိမ်းဆည်းပြီ။ ဒီလိုနဲ့မော်တော်လေးကမ်းကိုကပ်လေပြီ။ ခရီးသည်များလည်းဆိုင်ရာဆိုင်ရာ ထွက်ခွာသွားကြလေပြီ။ (အခုတော့လည်းရွာအနီးမှာ ရထားလမ်း၊ ကားလမ်းတွေပေါက်လို့ကြိုက်ရာစီး၍ခရီးသွားနိုင်ပါပြီ။)
Friday, 27 August 2010
ရေခပ်ဆင်းတဲ့ ညနေခင်း
ရွှေအိုရောင်ညနေခင်း။ နေမင်းကြီးက အစွမ်းကုန်ပူနေရာကနေ တဖြည်းဖြည်းအားမာန်လျှော့ မောပန်းလို့ တောင်စောင်းမှာမေးတင်ပြီ။ သူ့ရဲ့စွမ်းအင်တွေဖြစ်တဲ့ အပူချိန်တွေကို တဖြည်းဖြည်းရုပ်သိမ်းလို့ တိမ်တွေကြားကနေ နေခြည်ဖြာဖြာလေးတွေပဲ သက်ဆင်းလို့နေပါတော့တယ်။ ဒီလိုနေရောင်ခြည်လေးတွေ ဖျော့တော့သွားတဲ့အချိန်ဆို ကျေးလက်ပျိုဖြူတို့၊ လူပျိုကာလသားတို့ ညနေခင်း သောက်ရေခပ်ဆင်းဖို့ပြင်ဆင်ကြပြီ။ ကျမတို့ဒေသကျေးရွာတွေမှာတော့ ချိုးရေ သုံးရေကို အဝီစိ၊ ရေတွင်းကရေကိုသုံးပြီး သောက်သုံးရေကိုတော့ မြစ်ရေကို သုံးကြပါတယ်။ မြစ်ရေကိုပဲသောက်သုံးနေကြဆိုတော့ တွင်းရေသောက်ရရင်ပဲအရသာပေါ့ပေါ့နဲ့ သောက်လို့အားမရကြပါဘူး။ ဒါကြောင့်မြစ်ရေကိုပဲ တကူးတက အချိန်ပေးပြီး ခပ်ယူသောက်သုံးကြပါတယ်။ ညနေခင်းရေခပ်ဆင်းချိန်ဟာ ကျေးလက်သဘာဝအလှတစ်ခုပါ။ လုံမပျိုတို့ကလည်း သေသေသပ်သပ်ဖြီးလိမ်းပြင်ဆင်လို့၊ ကိုရွှေကာလသားတို့ကလည်း အမွှေးနံ့သာလိမ်းကျံလို့ တစ်ဦးနဲ့တစ်ဦး အကြည့်ချင်းဆုံ ရင်ခုန်ကြတဲ့ အချိန်အခါလေးဆိုလဲမမှားပါဘူး။ ၂ယောက်တွဲ ၃ယောက်တွဲကနေ ခင်ရာမင်ရာ အရွယ်တူအုပ်စုအဖွဲ့လိုက် ရေခပ်ဆင်းကြရင်းနဲ့ အတင်း၊ သတင်းတွေပြောကြ၊ မြစ်ဆိပ်ကိုရောက်ရင် မြစ်ရေခပ်ရင်းနဲ့ မြို့ကပြန်လာတဲ့ မော်တော်၊ စက်လှေတွေကိုစောင့်ကြ။ ဝယ်လာတဲ့ပစည်းတွေ စပ်စုကြ။ မြို့ကိုသွားတာမို့ အဝတ်အစားအသစ်တွေနဲ့ သွားကြတာဆိုတော့ နေ့တိုင်းမြင်နေကြထက် ပိုလှနေတာကို ငေးမောကြ။မြစ်ကမ်းနဘေးက ဘုန်းကြီးကျောင်းဝန်းထဲမှာ တထောက်နားကြရင်းနဲ့ ခရေပွင့်တွေကောက်ကြ၊ ပုန်းညက်၊ ရင်းမာပန်းတွေခူးနဲ့ ပျှော်ရွှင်ဖွယ်ရာ ညနေချမ်းအခါပါပဲ။
ရေအိုးတွေနဲ့ရေခပ်သူရှိသလို သံပုံးဆိုင်းထမ်းတွေနဲ့လည်း ခပ်ကြပါတယ်။ လှည်းနွားရှိသူတချို့ကတော့ ရေစည်လှည်းတိုက်ကြပါတယ်။ များသောအားဖြင့်တော့ လယ်ယာလုပ်ငန်းခွင်မှာ နွားကိုသုံးတာကြောင့် သနားပြီး လူကိုယ်တိုင်ခပ်ကြတာပဲများပါတယ်။ မြစ်ရေကြီးချိန်ဆိုရင်တော့ ကမ်းလုံးပြည့်ရေတွေလျှံလို့ ရေခပ်ရင်းနဲ့ရေချိုးကြ၊ ရေပြင်မှာနေရောင်ဖြာကြလို့ တလက်လက်ထနေတဲ့ရေပြင်ရဲ့အလှဟာ ရောင်ပြန်ဟပ်လို့ ရေခပ်သူအပေါင်းကိုလည်းလှပစေပါတယ်။ နွေရာသီရေကျချိန်ဆိုရင်တော့ သဲသောင်ပြင်ဖွေးဖွေးမှာ တူးထားတဲ့ လက်ယက်တွင်းလေးတွေကိုပဲ အားကိုးကြရပါတယ်။ သဲပြင်ကြားကနေ စိမ့်ထွက်လာတဲ့ ရေအေးအေးလေးကလည်းသောက်လို့ချိုမြန်စေတာပါပဲ။ ရေခပ်လမ်းကပြန်ချိန်မှာတော့ ရေခပ်ဆင်းသူတွေရယ်၊ မြို့ကဈေးဝယ်ပြန်လာသူတွေရယ်၊ ယာခင်းကနေ တနေ့တာလုပ်ငန်းသိမ်းလို့ ပြန်လာသူတွေနဲ့ စည်ကားလို့နေပါတော့တယ်။ ကျေးငှက်လေးတွေရဲ့ အိပ်တန်းပြန်သီကျူးသံလေးတွေ၊ လေပြည်ညှင်းရဲ့ကြည်စယ်မှုကြောင့် သစ်ရွက်လှုပ်ခပ်သံလေးတွေကြားမှာ တောရွာပျိုဖြူတို့ရဲ့ သီချင်းသံတအေးအေးက ညနေခင်းရဲ့ဆည်းဆာအလှကို ပိုပြီး ပြီးပြည့်စုံပါစေတော့တယ်။
Friday, 6 August 2010
တို့ရွာကျောင်း
ရွာခေါင်းရင်း ရွာ့အပြင်ဖက်မှာတည်ရှိပါတယ်။ ဝါးထရံကာ ဝါးကပ်မိုး သမံတလင်းခင်းထားတဲ့ကျောင်းဆောင်မှာတောဆရာ၊ ဆရာမများနားနေခန်း ၃တန်းနဲ့၎တန်းတွေစာသင်ကြပါတယ်။ဝါးထရံကာဝါးကပ်မိုးဝါးခြမ်းတွေခင်းထားတဲ့ကျောင်းဆောင်မှာ
တော၂တန်း ၁တန်းတွေရှိပြီး ထန်းရွက်မိုးးထားတဲ့ တဲကြီးထဲမှာတော့ သူငယ်တန်းကလေးတွေ စာသင်ပါတယ်။ ကျောင်းမှာနီ၊ ပြာ၊ ဝါ၊ စိမ်း အသင်းလေးသင်းခွဲထားပြီး အလှည့်ကျ ကျောင်းသန့်ရှင်းရေး လုပ်ရပါတယ်။ ကျောင်းသားအားလုံးအပေါ်မှာ အသင်အပြရော စေတနာပါကောင်းလွန်းခဲ့တဲ့ ဆရာတစ်ဦးကို အမှတ်တရအနေနဲ့ ဒီပို့စ်လေးကို ရေးဖြစ်ပါတယ်။
ဆရာကညဏ်စမ်းလေးတွေ မကြာခဏ သင်ပေးလေ့ရှိပါတယ်။ အင်္ဂလိပ်အက္ဃရာ s, e, a,စသည်ဖြင့် စတဲ့ meaningတွေ ရေးခိုင်းပါတယ်။ စာလုံးရေအများဆုံးရတဲ့သူကို တတန်းလုံးက လက်ခုပ်ဝိုင်းတီးပြီး ချီးမြှင့်ပါတယ်။ အဲဒီအချိန်ဆိုအရမ်းပျော်ပါတယ်။ ကိုယ့်ရဲ့အရည်အချင်းကို ပြခွင့်ရလို့ပါ။ တခါ အသင်းလေးသင်းကို မြေပုံလေးတွေပေးပြီး မြေပုံပါလမ်းအတိုင်း စုရပ်ဖြစ်တဲ့ တခြားရွာက ဘုန်းကြီးကျောင်း (ကျမတို့ရွာကလဲကိုးကွယ်တဲ့ကျောင်း) ကိုသွားရပါတယ်။ အရင်ရောက်တဲ့အဖွဲ့ကို ဆုပေးပြီး တခြားကစားနည်းမျိုးစုံကိုလဲကစားခဲ့ရတာကိုမှတ်မိနေပါသေးတယ်။ ဥဏ်စမ်းပြိုင်ပွဲလေးတွေ ဥပမာ လွယ်အိတ်ထဲ ပစည်း(၁၀)မျိုးထည့်ထားပြီး တသင်းကို တယောက်စီထွက် ခရာမှုတ်တာနဲ့ လွယ်အိတ်ဆီပြေးပြီး လွယ်အိတ်ကိုသွန်ချ ပါတဲ့ပစည်းတွေမှတ်ပြီး မူလနေရာပြန်ပြေးလာပြီး ပစည်း(၁၀)် မျိုးအမည်ရေးပြရတာပါ။ အားလုံးကိုမမှတ်မိကြပါဘူး။ ကျမကတော့ အားလုံးကိုမှတ်မိပါတယ်။ နောက်တမျိုးက ဆရာကပုံပြင်တစ်ပုဒ်ပြောပြီး နားထောင်ထားရပါတယ်။ ပြီးရင်အဲဒီပုံပြင်ထဲက အကြောင်းအရာတွေ မေးခွန်းထုတ်မေးတဲ့ ညဏ်စမ်းပြိုင်ပွဲတွေဆို အရမ်းပျော်ပါတယ်။ တခြားအပြေးပြိုင်ပွဲတို့ ပြေးခုံပစ်တို့က ဝင်ပြိုင်ရင်ရှုံးနေကြမို့ သိတ်စိတ်မဝင်စားခဲ့ပါဘူး။
ကျမတို့ငယ်စဉ်က အမျိုးသားနေ့မှာ ပုံပြင်၊ ကဗျာရွတ်ဆိုပြိုင်ပွဲတွေရှိပါတယ်။ အဲဒီအချိန်တွေဆို ဆရာက ကျမကိုရွေးချယ်လေ့ရှိပါတယ်။ ဆရာအားကိုးရအောင်ပဲ ပထမအဆင့် (၁၂)ရွာအုပ်စုပြိုင်ပွဲမှာ ပထမရပြီး မြို့နယ်အဆင့်တက်ပြိုင်ရပါတယ်။ အဲဒီမှာတော့ နှစ်တိုင်း အမြဲတမ်း ဒုတိယပဲရပါတယ်။ အသံနေအသံထားနဲ့ ကဗျာရွတ်ခဲ့ရတာ၊ တီဗွီသတင်းတွေကြည့်ပြီး သူတို့လေယူလေသိမ်းကိုအတုခိုးပြီး ပုံပြောပြိုင်ပွဲဝင်ပြိုင်ခဲ့ရတာကို မှတ်မိနေပါသေးတယ်။ နေ့လည်မုန့်စားဆင်းချိန်တွေဆို ကျောင်းမှာ ရွှေသွေး၊ တို့ကျောင်းသား၊ တေဇ၊ မိုးသောက်ပန်းစာအုပ်လေးတွေဖတ်ခဲ့ရတာ၊ ကျောင်းခြံဝန်းတလျှောက် အသင်းအလိုက် သစ်ပင်လေးတွေစိုက်ခဲ့ရတာ၊ တခါက ရောင်စုံပန်းလေးတွေ လက်ပရိုစီရောဂါ ဖြစ်စေတယ်ဆိုတဲ့ ကောလဟလကြောင့် တစ်ရွာလုံးပန်းပင်တွေ နှုတ် အမှိုက်ပုံမှာ ပစ်ထားတာကို ဆရာက ကျမတို့တပည့်တွေကို သွားကောက်ခိုင်းပြီး ကျောင်းမှာပြန်စိုက်ပါတယ်။ အဲဒီအချိန်က တကျောင်းလုံး ပန်းရောင်စုံနဲ့လှပနေခဲ့တာပါ။ စာမေးပွဲနားနီးပြီဆို ဆရာက ကျောင်းသူ၊သားအားလုံး ညဖက်ကျောင်းကိုလာပြီး စာကျက်ရပါတယ်။ ဆရာက လသာမီးအိုးကြီး ထွန်းပေးထားပြီး အားလုံးစုပြီးစာကျက်ရတာပါ။ အလွန်ပျော်ခဲ့ပါတယ်။ စာကျက်ပြီးလို့ရှိရင် တအိမ်ပြီးတအိမ် အိမ်တိုင်ရာရောက် ဆရာကိုယ်တိုင်ပြန်လိုက်ပို့တာပါ။ ကျောင်းသူ၊သားတွေကို ဒုကခံပြီး စေတနာအပြည့်နဲ့ သင်ကြားပေးခဲ့တဲ့ဆရာပါ။
ဆရာက ဥယျာဉ်မှူးဆိုရင် သူပြုစုတဲ့ပန်းလေးတွေအားလုံး အစွမ်းကုန်ဖူးပွင့်ပြီး လှပစေချင်တာပါ။ ဒါပေမဲ့ အချိန်မတန်ခင် ညှိုးခြောက်ခဲ့ရတဲ့ ပန်းလေးတွေရှိသလို ပွင့်ဖူးလာတဲ့ ပန်းလေးတွေရဲ့တန်ဖိုးကလည်း မတူညီကြပါဘူး။ မွှေးပျံ့လှပနေတဲ့ ပန်းလေးတွေအတွက် ကြည်နူးပီတိဖြစ်ပြီး ညှိုးရော် နွမ်းခြောက်သွားတဲ့ ပန်းလေးတွေအတွက်တော့ ဆရာ စိတ်မကောင်းဖြစ်နေမှာ အသေအချာပါ။
Tuesday, 3 August 2010
ကျွန်မတို့ရွာကရှင်ပြုပွဲ
ဘယ်သူဘယ်ဝါတို့တော့ ဒီနှစ်နွေမှာ လှူမလို့တဲ့ ဆိုတဲ့သတင်းကို တောထဲမှာအလုပ်လုပ်ရင်း ရေခပ်ရင်း ထင်းခွေရင်း တစ်ဦးနဲ့တစ်ဦးသိစေတယ်။ သတင်းအတိအကျကတော့ အလှူရှင်က ရွာဦးဘုန်းကြီးကျောင်းမှာ အလှူနေ့အတွက် နေ့ကောင်းရက်မြတ်သွားတောင်းတာနဲ့ အတည်ဖြစ်သွားပြီ။ ပထမဦးဆုံး တစ်ရွာလုံးဝိုင်းဝန်းလို့ အလှူအိမ်ရှေ့မှာ မဏ္ဍပ်ကြီးထိုးပြီ။ ဝါးတွေကိုတိုင်ထူပြီး ထန်းရွက်မိုးထားတဲ့ အကြမ်းထည်မဏ္ဍပ်ကြီး ပြီးသွားပြီ။ မဏ္ဍပ်အလှဆင်တာကတော့ အလှူအဝင်နေ့မှပဲ ပြင်ဆင်ကြတယ်။ အလှူမှာကျွေးမွေးဖို့ ဒီမဏ္ဍပ်ကြီးအောက်မှာ ဆန်ရွေးကြ၊ ပဲပြာကြ၊ ငရုပ်သီးတောင့်တွေချွေပြီး မောင်းဆုံနဲ့ငရုပ်သီးတောင်းတဲ့သူကထောင်း၊အလှူမုန့်ကြော်ဖို့အတွက် ဆန်မှုန့်ထောင်းတဲ့သူကထောင်းနဲ့ တစ်ရွာလုံးကဝိုင်းဝန်းကူညီပေးကြတယ်။ မဏ္ဍပ်ဆောက်တဲ့နေ့ကစလို့ လာကူသူတွေကို ထမင်းကျွေး၊ လက်ဖက်၊ ထန်းလျှက်၊ ရေနွေးကြမ်းနဲ့ ဧည့်ခံလို့ အလှူ့ရှင်ကစတင်လို့ကုသိုလ်တွေယူနေပြီလေ။
ရှင်လောင်းလုပ်ဖို့ မောင်ရင်လောင်းကလဲ အဖော်တွေကြားမှာ မျက်နှာပွင့်လို့။ ရွာကလှပျိုဖြူတွေကလဲ အလှူပွဲမှာ အပြတ်နွဲဖို့ ပြင်ဆင်လို့။ ဘယ်သူကတော့ မှန်ဇာတွေဝယ်လာပြီ။ ဒေါက်ဖိနပ်ပါ ဝယ်ခဲ့တာတဲ့။ ဘယ်သူတွေကတော့ ဆံပင်တွေသွားကောက်နေပြီ။ တစ်နှစ်ပတ်လုံး တနေကုန် တနေခမ်း တောထဲမှာပဲ အချိန်ကုန်ရသူတွေဆိုတော့ အလှူအတန်းလေးရှိတုန်း လှလှပပ ပြင်ဆင်လိမ်းချယ်ရတာလေ။ အလှူနေ့ကြရင်တော့ ဘာလေးဝတ်လိုက်မယ်နဲ့ စိတ်ကူးအတွေးနဲ့ အလှူရက်ကိုမျှော်ရင်း တွေးပျော်နေကြပြီ။ ကိုယ့်အလှူပွဲကြီး စည်ကားဖို့အတွက် အလှူရှင်က ဘိသိတ်၊ ဆိုင်းဝိုင်း၊ မင်းသမီး ငှားဖို့ပြင်ဆင်ပြီ။ ဒီနေ့ ဘိသိတ်၊ ဆိုင်းဝိုင်း၊ မင်းသမီး သွားငှားတယ်တဲ့။ နာမည်ကြီးတွေမှ ငှားလို့ရပါ့မလား။ သွားငှားတဲ့သူ အပြန်ကို မျှော်ကြပြီ။
စောင့်မျှော်နေကြတဲ့ အလှူပွဲနေ့အဝင် ရောက်ပါပြီ။ ဆိုင်းလှည်းတွေလဲ ဖုန်တထောင်းထောင်းနဲ့ ရွာထဲဝင်လာပြီ။ ပတ်မတီးသံစကြားရပြီ။ ပတ်မတီးသံနဲ့အပြိုင် ရင်တွေတဒိန်းဒိန်းခုန်လို့ ပျော်ရတော့မည်။ ထမင်းကျွေးမည့်မဏ္ဍပ်တွေကလည်း မီးခိုးတအူအူနဲ့စပြီးချက်ကြပြီ။ ပူစီဖောင်းသည်၊ မုန့်သည်တွေလည်း အလှူအိမ်ရှေ့မှာ နေရာချပြီး ရောင်းနေကြပြီ။ ကလေးတွေလည်း ဆိုင်းဝိုင်းကြီးကို ငေးလိုက်၊ ဆော့လိုက်ကြ၊ ထမင်းကျွေးတော့မလားလို့ ပြေးကြည့်လိုက်ကြနှင့် ချွေးတလုံးလုံး ပျော်နေကြပြီ။ အပျိုလေးတွေကလည်း အဝတ်အစားအသစ်တွေ ထုတ်ကြည့်လို့ ပီတိဖြစ်နေကြပြီ။ ကိုရွှေကလသားတို့ကလည်း အလှူပွဲနေ့မှာ ကိုယ်သဘောကျနေတဲ့ အပျိုတွေကို ငမ်းဖို့အရေး ဟန်ရေးတပြင်ပြင်ဖြစ်နေကြပြီ။
ညနေမှာ မောင်ရှင်လောင်းတို့ကို နတ်ပြပြီး ညဖက်မှာ ဆိုင်းဝိုင်း၊ မင်းသမီးနဲ့ ဖြော်ဖြေပါသည်။ တစ်ရွာလုံးလာရောက်ကြည့်ရှုအားပေးကြသည်။ မီးရောင်တထိန်ထိန်အောက်မှာ အားလုံးလင်းပြီး လှပနေတော့သည်။ ညသန်းကောင်ယံတိုင်အောင် မင်းသမီးကဖြော်ဖြေကပြအပြီးမှာတော့ ကိုယ့်အိမ်ကိုပြန် မနက်အလှူကြီးနေ့အတွက် တရေးတမော အိပ်ကြရအုံးမည်။
မနက်တုံးမောင်းခေါက်ကတည်းက ဆိုင်းကစတီးပြီ။ ဆိုင်းဝိုင်းသံနားဆင်ရင်း အလှူအိမ်ရှေ့မှာ ဆွမ်းကြီးလောင်းဖို့အတွက် တစ်ရွာလုံးထချက်ပြုတ်ကြပြီ။ အာရှုဏ်လင်းသည်နှင့် ရွာနီးချုပ်စပ်ကပါပင့်ဖိတ်ထားသော သံဃာတော်များ အတန်းလိုက်ကြီး အလှူအိမ်ရှေ့ကြွချီလာစဉ်မှာတော့ အလှူရှင်၊ အလှူအမမှစပြီး တစ်ရွာလုံးဆွမ်းကြီးလောင်းလှူကြပြီ။ ကိုယ်တတ်နိုင်သလောက် ဆွမ်း၊ ဆေးလိပ်၊ ချိုချဉ်၊ မုန့်မျိုးစုံပေါ့။ မနက်လင်းလို့ နေရောင်ခြည်ဖြာထွက်လာချိန်မှာတော့ မောင်ရင်လောင်းတို့ကို ရွာဦးဘုန်းကြီးကျောင်းဆီ ပို့ဖို့ကို အလှည့်လှည့်ကြမည်။ မဏ္ဍပ်ဆီမှ ကုမာရီအမျိုးသမီးအပေါင်းတို့ခင်ဗျား အလှူအလှည့်လှည့်ဖို့အချိန်နီးကပ်လာပါပြီဖြစ်ပါသောကြောင့် အမြန်ဆုံးလာကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ပါသည်ခင်ဗျား မိုက်နှင့်ဟစ်ပြီး ခေါ်လေပြီ။
အပျိုလေး၊ အပျိုလတ်၊ အပျိုကြီးမကျန် ကလေးများပါ အလှပြင်ကြပြီ။ ရှေ့ဆုံးမှ အလှူရှင်၊ မောင်ရင်လောင်းတို့မိဘများ၊ ပြီးကွမ်းတောင်ကိုင်၊ ရွှေကလပ်ကိုင်၊ ပရိတ်အိုးကိုင်၊ ကလေးများ၊ အပျိုကြီးများ စီတန်းရွေ့ အဲဒီနောက်မှာ မြင်းစီးရွှေထီးဆောင်းတဲ့ မောင်ရင်လောင်း၊ လှည်းယဉ်ကျော့နဲ့ နားထွင်းလေးများ၊ နောက်ဆုံးကမင်းသမီးနဲ့ဆိုင်းဝိုင်းလှည်း စီတန်းရွေ့ ရွာထဲလှည့်လည်ကာ ဘုန်းကြီးကျောင်းဆီ သွားကြပြီ။ ကျန်သူများမှလည်း အိမ်ရှေ့ထွက်ရွေ့ အလှူအလှည့်ကိုကြည့်ကြပြီ။ အလှူလှည့်နေစဉ် ရွာနီးချုပ်စပ်မှလာသော ဆွေမျိုးများကို ဧည့်ခံတာဝန်ကျသူများက ထမင်းဟင်း၊ ကွမ်း၊ဆေးလိပ်၊ လက်ဖက်တို့ဖြင့်ဧည့်ခံကြသည်။ အလှူအလှည့်အဖွဲ့ကြီး ဘုန်းကြီးကျောင်းကပြန်ရောက်လာတော့ မဏ္ဍပ်မှာ ထမင်းစားပြီး အိမ်ပြန်ခဏနားကြသည်။
တခါနေ့လည်ဘိသိတ်သွင်းရွေ့ ဖြော်ဖြေပြန်သည်။ ဘိသိတ်ဆရာတလှည့်၊ မင်းသမီးတလှည့်၊ ဆိုင်းတလှည့် ဖျော်ဖြေကြသည်မှာ ညနေထိတိုင်ဖြစ်သည်၊ ညနေပိုင်းရောက်တော့ မောင်ရင်လောင်းတို့ကို ဘုန်းကြီးကျောင်းပို့ သင်္ကန်းစီးပေးပြီး ပင့်ဖိတ်ထားသောဆရာတော်များနှင့်တကွ ကိုရင်ငယ်လေးများပါ အလှူအိမ်သို့ကြွလာရွေ့ အလှူအောင်ပွဲ တရားနာရေစက်သွန်းချ အမျှပေးဝေကြသည်။ အလှူပြီးမြောက်အောင်မြင်ကြောင်း ဗျောတီးရွေ့ အလှူပိတ်ပွဲပြုလုပ်သည်။ အလှူရှင်များမှာလည်းပီတိဖြာဝေရွေ့ ကြည်နူးရပြီ။
Monday, 2 August 2010
အိမ် (၁)
အိမ်လို့စဉ်းစားလိုက်ရင် နွေးထွေးမှုတွေ အေးချမ်းမှုတွေ လုံခြုံမှုတွေ အပြည့်အဝခံစားလိုက်ရတာပါပဲ။ ကျမဘဝမှာအခုအရွယ်အထိ အိမ်(၅)အိမ်မှာနေထိုင်ခဲ့ဖူးပါတယ်။ နွေးထွေးလုံခြုံမှုတွေပေးခဲ့တဲ့ အဲဒီအိမ်လေးတွေအကြောင်း ရေးဖွဲ့ချင်ပါတယ်။ လူ့လောကကြီးထဲကိုဝင်ရောက်လာပြီး ကလေးဘဝလေးကို ဖြတ်သန်းခဲ့ရတဲ့ အိမ်လေးက အဘိုး၊အဘွားတို့အိမ်မှာပါ။ အိမ်ပုံလေးကတော့ ရှေ့မျက်နှာစာက ပျဉ်တွေနဲ့ကာထားပြီး ကျန်တာကတော့ ထရံကာပါ။ ရှေ့အဖီလေးမှာ သွပ်မိုးထားပြီး အိမ်
မကြီးကတော့ ဝါးကပ်မိုးထားပါတယ်။ အဖွားတို့ခောတ်ကဆောက်ခဲ့တဲ့ အိမ်တွေကတော့ တစ်ရွာလုံး တစ်ပုံစံတည်းပါပဲ။ အိမ်ရှေ့မှာ တမာပင်ကြီးနှစ်ပင်ရှိတယ်။ စကူပန်းရုံကြီးကြီးတစ်ရုံလဲရှိတယ်။ ထားဝယ်မှိုင်းပင်၊ အကျော်ပင်၊ သီးပင်၊ စံပယ်ပင်နဲ့မာလကာပင်တွေလဲစိုက်ထားတယ်။ အိမ်ခေါင်းရင်းမှာတော့ သဘောင်္ပင်တွေစီတန်းစိုက်ဖူးခဲ့တယ်။ ပန်းအဖြူလေးတွေပွင့်တဲ့ ဂမုန်းပင်နဲ့ ခတ္တာပင်ရှိတယ်။ အိမ်နောက်ဖေးမှာတော့ တမာပင်တစ်ပင်၊ အုန်းပင်နှစ်ပင်၊ သြဇာပင်တစ်ပင်၊ ဇွန်ပန်းရုံနှစ်ရုံရှိတယ်။ အိမ်ရဲ့ခြေရင်းဘက်မှာတော့ ဧကရာဇ်ပင်တွေနဲ့ သင်္ဘောပင်တွေစိုက်ထားတယ်။ ငယ်စဉ်ကတော့ သင်္ဘောသီးတွေပေါပေါစားခဲ့ရတာ မှတ်မိတယ်။ အုန်းပင်ကတော့ ရေကောင်းကောင်းမရလို့ တစ်နှစ်မှတစ်လုံးရှားရှားပါးပါးသီးတယ်။ သြဇာပင်ကလည်း တမာပင်ရဲ့လောင်းရိပ်မိပြီး အသီးမသီးခဲ့ဘူး။ တမာပင်ကြီးအိုလို့ ခုတ်လှဲပြီးမှပဲ အသီးဖြိုင်ဖြိုင်သီးတော့တယ်။ ခတ္တာပင်လေးကတော့ သူ့ရာသီရောက်တာနဲ့ ဝတ္တရားကျေပွန်စွာ တစ်နှစ်တစ်ခါပုံမှန်ပွင့်ပေးတယ်။ ဇွန်ပန်းရုံနှစ်ရုံကလည်း လှိုင်လှိုင်ပွင့်လို့ ညနေစောင်းတာနဲ့ အငုံလေးတွေခူး ရေစိုပုဝါလေးနဲ့ထုပ်ထား မနက်ကျရင် ဖွေးဖွေးလှုပ်ပြီး ဇွန်ပန်းရနံ့လေးက မွှေးပျံ့လှိုင်လို့နေတယ်။ စံပယ်ပင်လေးကလဲ အစွမ်းကုန်ဖူးပွင့်ပေးတယ်။ စံပယ်နံ့လေးတွေရှုရှိုက်ရင်း မနက်စောစော အိပ်ရာထ ပန်းပွင့်လေးတွေခူး ဘုရားတင်ဖို့ရယ် အမေကြီးပန်ဖို့ရယ် လိုချင်သူတွေပေးဖို့ရယ်ပေါ့။ စကူပန်းရုံကြီးကလဲ တစ်နှစ်ပတ်လုံးပွင့်လို့ သင်္ကြန်ခါဆိုဘုရားပန်းအနေနဲ့ ပန်းရောင်စုံနဲ့ ဘုန်းကြီးကျောင်းကိုသွားဖို့အတွက် လာခူးတဲ့သူတွေနဲ့ ရွာထဲမှာအလှုတွေရှိချိန်ဆို နားထွင်းလှည်းမှာအလှဆင်ဖို့ လာခူးသူတွေနဲ့ပေါ့ကွယ်။ ဧကရာဇ်ပွင့်လေးတွေကမွှေးပြီး လှသလို ပန်းကုံးလေးတွေအဖြစ်သီပြီးလဲ ပန်ခဲ့ဖူးတယ်။ ဧကရာဇ်ရွက်လေးတွေကတော့ ပြုတ်ပြီးငပိရည်နဲ့တို့စားရင် အရသာခါးခါးလေးနဲ့ ထမင်းမြိန်စေတယ်။ တမာပွင့်ချိန်ဆို တမာပန်းနံ့သင်းသင်းလေးကိုခံစားရင်း သင်္ကြန်အငွေ့အသက်တွေရလို့ပေါ့။ တမာသီးတွေသီးချိန်ဆိုရင်တော့ ကလေးဘဝကတမာသီးတွေကို သရက်သီးလုပ် တမာရွက်ကို ကန်စွန်းရွက်လုပ်ပြီး ဈေးရောင်းတမ်းကစားခဲ့ဖူးတာကို သတိရမိတယ်။ အပင်တွေအားလုံးက အမေကြီးစိုက်ထားတာတွေချည်းပဲ။ တခါကတော့ ကျမစိုက်ဖူးခဲ့တယ်။ မိုးရွာပြီးစတစ်နေ့မှာ အမေကြီးက ပန်းချဉ်ပေါင်ပင်ပေါက်လေးတွေ အိမ်ကိုယူလာတယ်။ ကျမလဲအားတက်သရောနဲ့စိုက်မယ်ဆိုပြီး တာဝန်ယူပြီး အိမ်ပတ်လည်ခြံဝန်းအစပ်တွေမှာ လိုက်စိုက်တယ်။ စိုက်ရင်းနဲ့စိတ်ကူးလေးတွေလဲယဉ်လို့ပေါ့။ ခြံဝန်းတလျှောက် ပန်းချဉ်ပေါင်လေးတွေပွင့်ပြီး လှပနေတာကို မျက်လုံးထဲမှာမြင်ယောင်ရင်းနဲ့ မြေကိုတူးဆွလိုက်တော့ တီကောင်တစ်ကောင်ထွက်လာတယ်။ အဲဒါနဲ့လန့်ပြီး မြေကြီးကိုလက်နဲ့မကိုင်တော့ဘူး။ ခက်ရင်းလေးနဲ့ပဲတူး ခက်ရင်းလေးနဲ့ပဲမြေဖို့လို့ပေါ့။ နောက်တစ်ရက်ညနေကျောင်းကနေပြန်လာတော့ ကိုယ်စိုက်ထားတဲ့အပင်လေးတွေ လိုက်ကြည့်တော့ အားလုံးကညှိုးခြောက်လို့သေနေပြီ။ ဖြစ်ပုံကတော့ တီကောင်ကြောက်ပြီး ခက်ရင်းနဲ့ထိုးဆွခဲ့မိလို့ ပင်စည်လေးတွေပြတ်ကုန်တာဖြစ်မယ်။ မနက်စောစောဆို အမေကြီးရဲ့စောစောထ စာကျက်၊ မိန်းကလေးဆိုတာ မနက်လင်းလာရင် မျက်နှာမှာသနပ်ခါးလေးနဲ့မှ ကျက်သရေရှိတာ၊ ဆွမ်းတော်ပွဲပြင်၊ ဘုရားမှာ ရေချမ်း ပန်းကပ်၊ ဆိုတဲ့တေးသံသာလေးတွေနဲ့နိုးထခဲ့ပြီး အဘကြော်ထားတဲ့ ထမင်းကြော်နဲ့ပဲပြုတ် တစ်ခါတစ်ရံ အကြော်စုံ၊ တို့ဖူးသုပ်တို့နဲ့ နံနက်စာစားပြီးတာနဲ့ ကျောင်းသွားဖို့ပြင်ဆင် ညနေကျောင်းဆင်းရင် အိမ်အလုပ်လေးနဲနဲပါးပါးကူ၊ အဘတို့ကရေဒီယိုနားထောင်နေချိန် ညဘက် ဘက်ထရီမီးလေးနဲ့စာကျက်။ နွေရာသီကျောင်းပိတ်ရက်တွေဆို နေ့လည်ပူတဲ့အချိန်တွေဆို အိမ်အောက်ကိုဝင် အမေကြီးက တစ်နှစ်စာအတွက်ဆေးလိပ်တွေလိပ်၊ အဘက တရားစာအုပ်ဖတ်၊ ကျမတို့ကတော့ အဲဒီအိမ်အောက်မှာပဲ ဆော့ကစားကြ။ အပူအပင်ကင်းတဲ့ ကလေးဘဝလေးကို ဖြတ်သန်းခဲ့တယ်။