Friday, 6 August 2010

တို့ရွာကျောင်း

ရွာခေါင်းရင်း ရွာ့အပြင်ဖက်မှာတည်ရှိပါတယ်။ ဝါးထရံကာ ဝါးကပ်မိုး သမံတလင်းခင်းထားတဲ့ကျောင်းဆောင်မှာတောဆရာ၊ ဆရာမများနားနေခန်း ၃တန်းနဲ့၎တန်းတွေစာသင်ကြပါတယ်။ဝါးထရံကာဝါးကပ်မိုးဝါးခြမ်းတွေခင်းထားတဲ့ကျောင်းဆောင်မှာ


တော၂တန်း ၁တန်းတွေရှိပြီး ထန်းရွက်မိုးးထားတဲ့ တဲကြီးထဲမှာတော့ သူငယ်တန်းကလေးတွေ စာသင်ပါတယ်။ ကျောင်းမှာနီ၊ ပြာ၊ ဝါ၊ စိမ်း အသင်းလေးသင်းခွဲထားပြီး အလှည့်ကျ ကျောင်းသန့်ရှင်းရေး လုပ်ရပါတယ်။ ကျောင်းသားအားလုံးအပေါ်မှာ အသင်အပြရော စေတနာပါကောင်းလွန်းခဲ့တဲ့ ဆရာတစ်ဦးကို အမှတ်တရအနေနဲ့ ဒီပို့စ်လေးကို ရေးဖြစ်ပါတယ်။

ဆရာကညဏ်စမ်းလေးတွေ မကြာခဏ သင်ပေးလေ့ရှိပါတယ်။ အင်္ဂလိပ်အက္ဃရာ s, e, a,စသည်ဖြင့် စတဲ့ meaningတွေ ရေးခိုင်းပါတယ်။ စာလုံးရေအများဆုံးရတဲ့သူကို တတန်းလုံးက လက်ခုပ်ဝိုင်းတီးပြီး ချီးမြှင့်ပါတယ်။ အဲဒီအချိန်ဆိုအရမ်းပျော်ပါတယ်။ ကိုယ့်ရဲ့အရည်အချင်းကို ပြခွင့်ရလို့ပါ။ တခါ အသင်းလေးသင်းကို မြေပုံလေးတွေပေးပြီး မြေပုံပါလမ်းအတိုင်း စုရပ်ဖြစ်တဲ့ တခြားရွာက ဘုန်းကြီးကျောင်း (ကျမတို့ရွာကလဲကိုးကွယ်တဲ့ကျောင်း) ကိုသွားရပါတယ်။ အရင်ရောက်တဲ့အဖွဲ့ကို ဆုပေးပြီး တခြားကစားနည်းမျိုးစုံကိုလဲကစားခဲ့ရတာကိုမှတ်မိနေပါသေးတယ်။ ဥဏ်စမ်းပြိုင်ပွဲလေးတွေ ဥပမာ လွယ်အိတ်ထဲ ပစည်း(၁၀)မျိုးထည့်ထားပြီး တသင်းကို တယောက်စီထွက် ခရာမှုတ်တာနဲ့ လွယ်အိတ်ဆီပြေးပြီး လွယ်အိတ်ကိုသွန်ချ ပါတဲ့ပစည်းတွေမှတ်ပြီး မူလနေရာပြန်ပြေးလာပြီး ပစည်း(၁၀)် မျိုးအမည်ရေးပြရတာပါ။ အားလုံးကိုမမှတ်မိကြပါဘူး။ ကျမကတော့ အားလုံးကိုမှတ်မိပါတယ်။ နောက်တမျိုးက ဆရာကပုံပြင်တစ်ပုဒ်ပြောပြီး နားထောင်ထားရပါတယ်။ ပြီးရင်အဲဒီပုံပြင်ထဲက အကြောင်းအရာတွေ မေးခွန်းထုတ်မေးတဲ့ ညဏ်စမ်းပြိုင်ပွဲတွေဆို အရမ်းပျော်ပါတယ်။ တခြားအပြေးပြိုင်ပွဲတို့ ပြေးခုံပစ်တို့က ဝင်ပြိုင်ရင်ရှုံးနေကြမို့ သိတ်စိတ်မဝင်စားခဲ့ပါဘူး။

ကျမတို့ငယ်စဉ်က အမျိုးသားနေ့မှာ ပုံပြင်၊ ကဗျာရွတ်ဆိုပြိုင်ပွဲတွေရှိပါတယ်။ အဲဒီအချိန်တွေဆို ဆရာက ကျမကိုရွေးချယ်လေ့ရှိပါတယ်။ ဆရာအားကိုးရအောင်ပဲ ပထမအဆင့် (၁၂)ရွာအုပ်စုပြိုင်ပွဲမှာ ပထမရပြီး မြို့နယ်အဆင့်တက်ပြိုင်ရပါတယ်။ အဲဒီမှာတော့ နှစ်တိုင်း အမြဲတမ်း ဒုတိယပဲရပါတယ်။ အသံနေအသံထားနဲ့ ကဗျာရွတ်ခဲ့ရတာ၊ တီဗွီသတင်းတွေကြည့်ပြီး သူတို့လေယူလေသိမ်းကိုအတုခိုးပြီး ပုံပြောပြိုင်ပွဲဝင်ပြိုင်ခဲ့ရတာကို မှတ်မိနေပါသေးတယ်။ နေ့လည်မုန့်စားဆင်းချိန်တွေဆို ကျောင်းမှာ ရွှေသွေး၊ တို့ကျောင်းသား၊ တေဇ၊ မိုးသောက်ပန်းစာအုပ်လေးတွေဖတ်ခဲ့ရတာ၊ ကျောင်းခြံဝန်းတလျှောက် အသင်းအလိုက် သစ်ပင်လေးတွေစိုက်ခဲ့ရတာ၊ တခါက ရောင်စုံပန်းလေးတွေ လက်ပရိုစီရောဂါ ဖြစ်စေတယ်ဆိုတဲ့ ကောလဟလကြောင့် တစ်ရွာလုံးပန်းပင်တွေ နှုတ် အမှိုက်ပုံမှာ ပစ်ထားတာကို ဆရာက ကျမတို့တပည့်တွေကို သွားကောက်ခိုင်းပြီး ကျောင်းမှာပြန်စိုက်ပါတယ်။ အဲဒီအချိန်က တကျောင်းလုံး ပန်းရောင်စုံနဲ့လှပနေခဲ့တာပါ။ စာမေးပွဲနားနီးပြီဆို ဆရာက ကျောင်းသူ၊သားအားလုံး ညဖက်ကျောင်းကိုလာပြီး စာကျက်ရပါတယ်။ ဆရာက လသာမီးအိုးကြီး ထွန်းပေးထားပြီး အားလုံးစုပြီးစာကျက်ရတာပါ။ အလွန်ပျော်ခဲ့ပါတယ်။ စာကျက်ပြီးလို့ရှိရင် တအိမ်ပြီးတအိမ် အိမ်တိုင်ရာရောက် ဆရာကိုယ်တိုင်ပြန်လိုက်ပို့တာပါ။ ကျောင်းသူ၊သားတွေကို ဒုကခံပြီး စေတနာအပြည့်နဲ့ သင်ကြားပေးခဲ့တဲ့ဆရာပါ။

ဆရာက ဥယျာဉ်မှူးဆိုရင် သူပြုစုတဲ့ပန်းလေးတွေအားလုံး အစွမ်းကုန်ဖူးပွင့်ပြီး လှပစေချင်တာပါ။ ဒါပေမဲ့ အချိန်မတန်ခင် ညှိုးခြောက်ခဲ့ရတဲ့ ပန်းလေးတွေရှိသလို ပွင့်ဖူးလာတဲ့ ပန်းလေးတွေရဲ့တန်ဖိုးကလည်း မတူညီကြပါဘူး။ မွှေးပျံ့လှပနေတဲ့ ပန်းလေးတွေအတွက် ကြည်နူးပီတိဖြစ်ပြီး ညှိုးရော် နွမ်းခြောက်သွားတဲ့ ပန်းလေးတွေအတွက်တော့ ဆရာ စိတ်မကောင်းဖြစ်နေမှာ အသေအချာပါ။

No comments:

Post a Comment