Tuesday, 5 October 2010

ကျမတို့ရွာကသင်္ကြန်ပွဲတော်

တမာပင်တို့အရိုးပြိုင်းပြိုင်းမှာ အရွက်နုလေးတွေထွက် စိမ်းနုနုအရောင်အသွေးကနေ စိမ်းရင့်ရင့်ကိုပြောင်း အစိမ်းရင့်ရင့်အရွက်တို့ကြားကနေ ပြူထွက်လာတဲ့ အဖြူရောင်အဖူးလေးတွေက သင်းပျံ့ပျံ့ရနံ့လေးတွေ ထုတ်လွှင့်လို့ ဝေဝေဆာဆာပွင့်ဖူးလာပြီဆိုရင်တော့ သင်္ကြန်နားနီးပြီဆိုတာ ပြောပြနေသလို သင်္ကြန်အငွေ့အသက်တွေရလို့ တနှစ်တာစောင့်မျှော်ခဲ့ရတဲ့ အချိန်ဆိုက်ရောက်လို့လာခဲ့ပြီလေ။


လေလှိုင်းတွေကြားကနေ သင်္ကြန်တေးသွားလေးတွေ ပျံ့လွင့်လို့လာခဲ့သလို မိုးပြေးလေးရွာလို့ မြေသင်းနံ့သင်းသင်းလေးကိုလဲရှုရှိုက်နေရပြီ။ လုံမပျိုဖြူတို့လည်း သင်္ကြန်တွင်း တစ်ရွာလုံးကို မုန့်လုံးရေပေါ်ကျွေးဖို့ တအိမ်တက်ဆင်း အလှူငွေကောက်ခံနေပြီ။ ကလေးတွေကလည်း မြို့သွားတဲ့သူတွေကို ရေပြွတ်၊ ရေချိုင့်လေးတွေမှာပေးဖို့ အမေတွေကို ပူဆာလို့။ သင်္ကြန်တွင်း ခေါင်းလျှော်ရည်ကုသိုလ်ယူဖို့ တချို့အိမ်တွေကလည်း တရော်၊ ကင်ပွန်းတွေပြုတ်ဖို့ပြင်ဆင်နေကြပြီ။ ကလေးမကအပျိုမကျ ကျမတို့တတွေကလည်း ဘယ်အိမ်မှာ ဘာပန်းတွေပွင့်နေလဲဆိုတာ လိုက်ကြည့်ထားကြပြီ။ ဘုရားမှာပန်းလှူဖို့အတွက် မြေညောင်ရေအိုးလေးတွေလည်း ဝယ်ထားကြပြီ။

သင်္ကြန်အကြိုနေ့ညနေကစပြီး ရေလောင်းကြပြီ။ သင်္ကြန်အကျနေ့ မနက်စောစောမှာတော့ ရွာလယ်မှာစုရုံးလို့ မုန့်လုံးရေပေါ်လုံးပြီး ကုသိုလ်ပြုကြပြီ။ တမာပန်း၊ စက္ကူပန်း၊ အကြော်ပန်း၊ အုန်းရွက်၊ သြဇာရွက်၊ ထားဝယ်မှိုင်းပန်း၊ စံပယ်ပန်း စသည်ဖြင့် ပန်းပေါင်းစုံကို ခူးဆွတ်လို့ ညောင်ရေအိုးလေးတွေထဲမှာ ထည့်ပြီးပြင်ဆင်၊ ဆွမ်းတော်ပွဲ၊ အလှူဝထ္ထုပစ္စည်းတွေပြင်ဆင်ပြီးရင်တော့ ရွာဦးဘုန်းတော်ကြီးကျောင်းကို သွားကြပြီ။ ဘုရားမှာ ဆွမ်း၊ပန်း၊ရေချမ်းကပ်ပြီးရင် အလှူ့ရှင်တစ်ဦးဦးကကျွေးတဲ့ စတုဒိသာစားပြီး ဘုန်းကြီးဆီမှာ သီလယူ။ ဘုန်းကြီးကအမျှဝေပြီးတာနဲ့ ဥပုတ်စောင့်မယ့်အဖိုး၊ အဖွားတွေက ကျောင်းမှာနေခဲ့ပြီး ကျန်တဲ့သူတွေကတော့ အိမ်ပြန်ကြတယ်။ ရွာကာလသား၊ ကလေးပါမကျန် ဘုန်းကြီးကျောင်းအပေါက်ဝကနေစောင့်ပြီး ရေလောင်းကြပါတယ်။

ကလေးတွေက ရွာထဲလည်ပြီး ရေလိုက်လောင်းကြ၊ မုန့်လုံးရေပေါ်ကျွေးတဲ့နေရာမှာ ဘုရားကအပြန်ဝင်စားသူတွေနဲ့၊ ရေလောင်းတဲ့သူတွေနဲ့ စည်ကားလို့နေပါတယ်။ သက်ကြီးရွယ်အိုရှိတဲ့အိမ်တွေကို အဖွဲ့လိုက် ရေတွေလိုက်လှူကြ၊ ခေါင်းလျှော်ရည်အလှူလုပ်တဲ့အိမ်ကို သွားပြီး ခေါင်းလျှော်ကြ၊ တီဗွီရှိတဲ့အိမ်ကိုသွားပြီး သင်္ကြန်ယိမ်းတွေသွားကြည့်ကြသူတွေနဲံ့ ရွာကလေးက သင်္ကြန်အငွေ့အသက်တွေလွှမ်းခြုံလို့။ အပျိုချောတွေကတော့ ဘုရားကပြန်လာပြီးတာနဲ့ ရေစိုထိမှာစိုးလို့ အိမ်တွင်းပုန်းနေကြတယ်။ ဒါပေမယ့် ရွာကာလသားတွေက မရပါဘူး။ အပျိုချောတွေရှိတဲ့အိမ်တွေ လိုက်ပြီးရေလောင်းကြတယ်။ အပျိုချောတွေခမျာလည်း ရေလောင်းမခံမချင်း ပြန်ကြမှာ မဟုတ်ဘူးဆိုတာသိနေတော့ အိမ်ရှေ့ထွက်ပြီး ရေလောင်းခံရတာပါပဲ။ အကြတ်နေ့၊ အတက်နေ့တွေမှာတော့ ရွာနီးနားက ဘုန်းကြီးကျောင်းတွေကိုသွားကြပါတယ်။

နှစ်ဆန်းတစ်ရက်နေ့မှာတော့ ရွာ ဘုန်းကြီးကျောင်းမှာပဲ သီလယူကြပါတယ်။ ညနေမှာတစ်ရွာလုံး အန္တရာယ်ကင်း ပရိတ်ရွတ်ဖို့အတွက် ပရိတ်အိုးလေးတွေပြင်ဆင်ကြပြီ။ မြေဇာ၊ အုန်း၊ သြဇာ၊ တမာရွက်တွေထိုး၊ မြစ်ကမ်းဘေးသဲသောင်ပြင်ကနေ ယူလာတဲ့ သဲဖြူဖြူလေးတွေကို ဖလားထဲမှာထည့် အပ်ချည်လုံးဖြူဖြူလေးကိုလဲထည့်ပြီး ရွာအဝင် တံခါးဝမှာ အန္တရာယ်ကင်း ပရိတ်ရွတ်ကြပါတယ်။ အဲဒီနောက် အန္တရာယ်ကင်းအောင် အိမ်ပတ်ပတ်လည်မှာ သဲဖြူတွေလိုက်ခင်း၊ ပရိတ်ပန်းတွေကို အိမ်နံရံတွေ်မှာလိုက်ထိုး၊ အပ်ချည်နဲ့လိုက်ပတ်ပြီး တစ်အိမ်လုံးလည်း ဘေးဘယာကင်းကွာလို့ ကြက်သရေတိုးပြီး စည်းပွားဥစ္စာတိုးတက်တော့မယ်လို့ယုံကြည်စွာနဲ့ ကြည်နူးပီတိတွေ ဖြာဝေကြပြီလေ။

No comments:

Post a Comment