Wednesday, 19 October 2011

သေသင့်သည်။ သေတာမှကောင်းမည်။ ဆန်ကုန်မြေလေးဖြစ်နေမည်။

Tuesday, 18 October 2011

လုပ်သင့်တယ်ထင်တဲ့ အရာတစ်ခုကို လုပ်လိုက်ပါ။ မဟုတ်ရင် ဥပမာ တစ်ရက်အချိန်ပေးရမဲ့ ကိစ္စဟာ အနည်းဆုံး တစ်ပတ်လောက်တော့ မိမိစိတ်ကို ဆင်းရဲစေခြင်းဖြင့် အချိန်ကုန်စေပါတယ်။


အမှန်တရားကို အမြဲလက်ကိုင်ထားပါ။ မုသားဟာ အမြဲပဲ ခြောက်လှန့်နေတတ်ပါတယ်။

Sunday, 6 March 2011

သူငယ်ချင်းများသို့ အမှတ်တရ

ဖယောင်းလေးလိုသွယ်ပျောင်းပြီး ချစ်စရာကောင်းတဲ့ ဗန်းမော်သူလေးရေ……


အခု မင်းဘာတွေများ လုပ်နေလဲ။

အင်းတော်သူ မစွာတေး…..

စိတ်ကူးထဲကအတိုင်း အကောင်အထည်တွေ ဖော်နေပြီလား။

ချစ်စရာနာမည်လေးကို ပိုင်ဆိုင်ထားတဲ့ ခင်ဦးသူလေးရေ……

မင်းရဲ့မြို့လေးကိုရော အလွမ်းပြေ အလည်တစ်ခေါက် ပြန်ဖြစ်ရဲ့လား။

နန်းဆန်ဆန်ချောလှတဲ့ ရွှေမန်းမြို့က မမတို့ရေ………

အလည်တစ်ခေါက် အရောက်လာလို့ မန်းရွှေမြို့ကြီးကို တစ်ဝကြီး ထိုင်ငေးချင်ပါသေးတယ်။

နမ့်ဆမ်သူ ရှမ်းပျိုဖြူချောလေးရေ……

မင်းပြောပြတဲ့ မြို့ကလေးဆီကို အလည်တစ်ခေါက်ရောက်ချင်ပါသေးတယ်။

သဘောဖြူဖြူ တမူးသူလေးရေ…….

မင်းချက်ကျွေးတဲ့ ရှမ်းဟင်းလေးကို အခွင့်ရရင်တော့ တစ်ခါလောက်စားချင်ပါသေးတယ်။

တောင်ကြီးမြို့က ပန်းချယ်ရီတွေနဲ့အပြိုင် လှနိုင်သူလေးရေ……..

မင်းရောအခု ဘာတွေလုပ်နေလဲ။

ဧည့်ဝတ်ကျေပွန်လှတဲ့ နတ်မောက်သူအလှပဂေးကိုတော့…..

မေ့ထားလို့မရပါဘူးနော်။

မြင်းခြံသူ အေးအေးလေးကိုတော့…..

မိုးတွေအုံ့တိုင်း သတိရမိနေတော့မှာပါ။

ရန်ကုန်မြို့ကြီးက မမတွေကိုတော့……

အချိန်အခါမရွေး သတိရလျှက်ပါ။

ဖားအံမြေက ချစ်စရာ ကရင်မလေးရေ……

ဇွဲကပင်တောင်ဆီကို လိုက်လို့ပို့ပါလားလို့။

မော်လမြိုင်နဲ့စက်စဲဆီကို…….

တစ်ခေါက်သွားလို့ ခရုတွေကောက်ရင်း အတိတ်ကအကြောင်းလေးတွေကို

လွမ်းတေးဖွဲ့လို့…….



Monday, 31 January 2011

မှတ်တိုင်လေးများ

မူလတန်းကျောင်းသူဘဝလေးကို မွေးရပ်မြေရွာကလေးမှာပဲကုန်ဆုံးစေခဲ့တယ်။ အလယ်တန်းကျောင်းသူဖြစ်လာတော့ တောင်ပေါ်မြို့လေးမှာ ၂နှစ်တာကုန်ဆုံးစေခဲ့တယ်။ ကျန်တဲ့ အလယ်တန်းကျောင်းသူဘဝလေးကိုတော့ မွေးရပ်မြေကိုပဲ တဖန်ပြန်လာပြီး ဖြတ်သန်းခဲ့တယ်။ အထက်တန်းကျောင်းသူဘဝရောက်တော့ မြန်မာသာမက ကမ္ဘာကပါသိတဲ့ မြို့လေးမှာ နေထိုင်ရင်း ဖြတ်ကျော်ခဲ့တယ်။ တက္ကသိုလ်ရောက်တော့ ရေဆင်းမြေမှာ ၅နှစ်တာခိုလှုံရင်း ကျောင်းပြီးသွားပြန်တော့ အထက်တန်းကျောင်းသူဘဝက မြို့လေးမှာတာဝန်ထမ်းဆောင်ရင်းနဲ့ ဘဝထဲကို အမှန်အကန် တိုးဝင်ခဲ့ရတော့တယ်။ ကျောင်းပြီးတဲ့အထိ အောင်မြင်မှုမှတ်တိုင်လေးတွေ နှစ်စဉ်စိုက်ထူနိုင်ခဲ့တယ်။ ၄နှစ်တာကုန်ဆုံးသွားပြန်တော့ ပညာရေးကရေစက်မကုန်သေးလို့ ဂျပန်ပြည်ကြီးကိုရောက် ပညာတွေဆက်သင်ရပြန်တယ်။ ဂျပန်မှာ ၆နှစ်တာကုန်ဆုံးပြီးရင်တော့ အမိမြေကို ပြန်လို့ ဘယ်မှာတာဝန်ထမ်းဆောင်ရမလဲ မသိသေးဘူးပေါ့နော်။ အေးချမ်းစွာ ပညာသင်ကြားနိုင်ခွင့်ပေးခဲ့တဲ့ မိဘနှစ်ပါး၊ အထူးသဖြင့် အဖွား၊ အမြင့်ကိုတက်လှမ်းနိုင်အောင် သွန်သင်ဆုံးမ လမ်းညွှန်မှုတွေပေးခဲ့တဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအားလုံး၊ ကျွန်မဘဝရဲ့ ကျေးဇူးရှင်များအားလုံးကို ရိုသေစွာ ကန်တော့လိုက်ပါတယ်ရှင်။

Monday, 10 January 2011

အာနန္ဒာဘုရားပွဲတော်

       ဒီအချိန်ဆို နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ အာနန္ဒာဘုရားပွဲတော်ကြီး စတင်စည်ကားလို့နေလောက်ရောပေါ့။ ချမ်းအေးလှတဲ့ နှင်းဖွေးဖွေးကြားမှာ အာနန္ဒာဘုရားကို ဖူးမျော်ကြည်ညိုရတာ စိတ်ကြည်နူးချမ်းမြေ့စရာပါ။ ဘုရားပွဲကိုလာရင်းနဲ့ အနီးအနားတစ်ဝိုက်က ဘုရားတွေဖြစ်တဲ့ သဗ္ဗညု၊ ကန်တော့ပလ္လင်၊ ဗူးဘုရား၊ မင်္ဂလာစေတီ၊ မြစေတီကျောက်စာ၊ မနူဟာဘုရားတို့ကိုလည်းဖူးမျှော်နိုင်ပါတယ်။ အမျိုးစုံလင်လှတဲ့ ဈေးဆိုင်ခန်းတွေ၊ စားသောက်ဆိုင်တွေ၊ ကြိတ်ကြိတ်တိုးစည်ကားလှတဲ့ လူတွေ၊ ရွာတွေကနေလာကြတဲ့ လှည်းဝိုင်းကြီးတွေ။ သရပါတံခါးအနီး ကျုံးရေပြင်ကိုငေးကြည့်လို့လည်း အတိတ်တချိန်ဆီက ပုဂံမင်းနေပြည်တော်ကြီးကို မှန်းဆတမ်းတလို့လွမ်းဆွတ်နိုင်ပါသေးတယ်။ ပုဂံဘုရားတွေဆီရောက်တိုင်း ဘာကိုလွမ်းမှန်းမသိ၊ အမည်မသိအလွမ်းတွေက အလိုလိုဝင်လာခဲ့တယ်။


         အခုအချိန် ပုဂံနဲ့ဝေးရာအရပ်ကိုရောက်နေတော့ အတိတ်တစ်ချိန်က ပုဂံဘုရားပွဲတွေကို လွမ်းမိပြန်တယ်။ ဘုရားပွဲတော်ချိန် မြင်းလှည်းလေးနဲ့ သွားခဲ့တာတွေ၊ တမာရိပ်၊ ထနောင်းရိပ်၊ ဆီးပင်ရိပ်တို့ကို ဖြတ်ကျော်ရင်း ကြည့်လေရာရာ မြင်နေရတဲ့ ဘုရားတွေကို ဖူးမျှော်ရင်း ဘုရားပွဲတော်ဆီသို့ ရင်ခုန်ပျော်ရွှင်စွာနဲ့ သွားခဲ့တာပေါ့။ ဦးစွာ ဘုရားဖူး၊ ပြီးတော့ မြင်မြင်သမျှ ဆိုင်တွေကို ငေးမော၊ ရုပ်ရှင်ဝင်ကြည့်၊ မုန့်တီ၊ မုန့်ဟင်းခါး၊ ဒံပေါက် ကြိုက်နှစ်သက်ရာ တစ်ခုခုကိုစား၊ မုန့်လေပွေ၊ မုန့်ပေါက်ခေါင်း၊ မုန့်သိုင်းခြုံ စတဲ့ မုန့်တစ်မျိုးမျိုးကို အပြန်လက်ဆောင်အဖြစ်ဝယ်၊ ညနေနေညိုချိန်ရောက်ပြီဆိုရင်တော့ မြင်းလှည်းလေးနဲ့ အိမ်ကိုပြန်။ ဘုရားရိပ်၊ သစ်ရိပ်တွေကြားကနေ မြင်နေရတဲ့ နေလုံးကြီးရဲ့အလှကိုငေးမောရင်း တစ်နေ့တာကြည်နူးပျော်ရွှင်ခဲ့ရတာကို ပြန်တွေးရင်းနဲ့ပေါ့။ အဲဒီအချိန်က နေဝင်ဆည်းဆာအလှဆိုတာကို တကူးတက မခံစားခဲ့ဘူးပါ။ ရင်ထဲမှာစွဲထင်နေတဲ့ ပုံရိပ်လေးတွေကတော့ ဘုရားပွဲတော်ကနေ ရွာအပြန် စက်လှေစီးရင်းနဲ့မြင်တွေ့ရတဲ့ ရေပြင်မှာ ဖြာကျနေတဲ့ ဆည်းဆာအလှရယ် သဲသောင်ပြင်ဖွေးဖွေးမှာ တွေ့ရတဲ့ စိမ်းစိမ်းစိုစို စိုက်ခင်းလေးတွေရဲ့ သဘာဝအလှရယ်က ပြန်ရနိုင်ဖို့ခဲယဉ်းလှတဲ့ သဘာဝပန်းချီကားတစ်ချပ်ဆိုရင်မမှားပါဘူး။